စန္ဒီ နဲ့အတူ

နီနီဟု အမည်ရသော ကလေးမလေးသည် ကျွန်မနှင့် ကျောင်းနေဖက် ငယ်သူငယ် ချင်းစုံတွဲ၏ တစ်ဦးတည်းသော သမီးလေးဖြစ်သည်။ နီနီ့ နာမည် အရင်းမှာ စန္ဒီဖြစ် သည်။ စန္ဒီကလေ စန္ဒီကလေ ..နှင့် စကားပြောရင်း၊ နီနီကလေ…နီနီကလေ ဟု ဖြစ် လာသည်ဟု စန္ဒီ့မေမေက ပြောပြ သည်။ စန္ဒီနှင့်ရင်းနှီးလာချိန်မှာ သမီး နာမည် စန္ဒီလေ စန္ဒီကနေ ဒီဒီ ဖြစ်ရမှာကို ဘာလို့ နီနီဖြစ်နေ ရသလဲဟု ကျွန်မမေးမိသောအခါ ခြောက်နှစ် သမီးစန္ဒီက သူ့ ခေါင်း လေးကို ဘယ်ညာယမ်း နေအောင် လှုပ်ခါရင်း နီနီပဲ.. နီနီပဲ နီနီက အနီရောင်ကို ကြိုက်လို့ဟု ချစ် စဖွယ်ပြောခဲ့ပါသည်။ ထိုသမီးလေး နီနီခေါ် စန္ဒီသည် တစ်ချိန်ချိန်မှာ သူ့ကို ဇာတ်ကောင်နေရာ တွင် ထားကာ စာ တစ်ပုဒ်ရေးဖြစ် အောင် ကျွန်မကို တွန်းအား တစ်စုံတစ်ရာ ပေးနိုင်လိမ့်မည်ဟု မည်သည့် အခါကျမှ တွေးမထား ဖူးခဲ့ပါ။ သို့သော်…

နီနီနှင့် ကျွန်မ၏ စတင် တွေ့ဆုံမှုမှာ ရိုးရှင်းစွာ။ သူငယ် ချင်းများ ဆုံကြသော မိတ်ဆုံည စာစားပွဲ တစ်ခုတွင် ဖြစ်သည်။ ထိုစဉ်က နီနီ ခြောက်နှစ်သမီး အရွယ် လူစိမ်းများကို ကြောက်ရွံ့ တတ်သော၊ စကားနည်းသော၊ အစားရွေးသော၊ ပေတိပေကတ်နိုင် သော ဂျီတိုက် ဂျစ်ကျသော၊ လူကြီးပြောစကား နားမထောင် သော အစရှိ သည့် အထူးပြု နာမဝိသေသနများ ပိုင်ရှင် ခြောက် နှစ်သမီးလေးနီနီနှင့် ကျွန်မ ပထမဆုံး အကြိမ်တွေ့ဆုံမှုသည် မျှော်လင့် ထားသည်ထက် ပြေပြစ် လှသည်။ လိုအပ် သည် ထက် ပို၍ နီးကပ်ပြီး တစ်ယောက်ကိုတစ် ယောက် လျင်မြန်စွာရင်းနှီး ခင်မင် သွားပုံမှာလည်း မယုံကြည်နိုင် စရာ အနည်းငယ်တော့ထူးဆန်း နေသလိုပင်။ ထိုအချိန်လေး ကို ကျွန်မ ယခုတိုင် မှတ်မိကာ မြင် ယောင်နေပါသေးသည်။ ညစာ စားပွဲတွင် နီနီက ကျွန်မ အနားသို့ စိတ်လိုလက်ရ လာကပ်ထိုင်ကာ သူ့လက်ထဲမှ အနီရောင် လက်ပတ် နာရီ ထူထူလေးကိုပြရင်း၊ နာရီ ထဲမှာ လှုပ်နေသော အရုပ်ကလေး အကြောင်းကို သူ့အသံသေးသေး လေးဖြင့် တွတ်တွတ်ပြောရင်း ကျွန်မ ခွံ့ကျွေးသော ခေါက်ဆွဲ ကြော်ကို တစ်ဇွန်းပြီး တစ်ဇွန်းမငြင်း မဆန်စားနေပုံကို နီနီ့အဖေနှင့် မေမေက မျက်နှာချင်းဆိုင် စားပွဲမှာ ထိုင်ကာ တအံ့တသြ လှမ်း ကြည့် နေခဲ့ကြသည်။ နီနီ၏  အမူအရာ လေးများ အပြောအဆိုလေး များမှာ ချစ်စဖွယ်ကောင်းလွန်း သဖြင့် ကျွန်မလည်း နီနီ့ကို အချိန်တို လေးအတွင်း ချစ်ခင် သွားပါသည်။ နောက် တစ်နေ့တွင် နီနီ့မေမေက မနေ့က ဖြူခွံ့ကျွေးတဲ့ခေါက်ဆွဲ ဟာ နီနီ့ဘဝမှာ ပထဦးဆုံး စားတဲ့ ခေါက်ဆွဲပဲဟု ဖုန်းဆက်ရင်း ပြော ပြပါသည်။ အရင်က ဘယ်လို မှ ကျွေးလို့မရ မျက်ရည်ထွက်အောင် ငိုယိုငြင်းဆန်လေ့ ရှိသတဲ့။ သမီး လေးနီနီ…

 နောက်ပိုင်းတွင် နီနီက ဖြူ့ကို အင်မတန် ချစ်တယ်ဟု ဆိုကာ ကျွန်မနှင့် တွေ့ဆုံနိုင်သည့် ပွဲလမ်းများသို့ နီနီ့မေမေက နီနီ့ကို ခေါ်လာလေ့ ရှိသည်။ ထို့ကြောင့် နီနီနှင့် ကျွန်မ မကြာမကြာ တွေ့ ဖြစ်ကြသည်။ တွေ့လိုက်တိုင်း အန်တီဖြူဟု ခပ်ကျယ်ကျယ်ခေါ်ကာ ကျွန်မရှိရာဆီသို့ ဝမ်းသာ အားရ  ပြေးလာတတ်သော နီနီ လေးကို ကျွန်မနှစ်လိုစွာ ပွေ့ဖက် ချီပိုးရစမြဲ။ ချစ်ခင်စွာ ကြင်နာယုယ ရစမြဲ။ အနီရောင်ကြိုက်သော သမီလေး နီနီ့အတွက် အရုပ်နီနီ လေးများ၊ အနီရောင် ခဲစက္ကူပတ် သကြား လုံးများ ချော ကလက်များ နှင့်အတူ အနီရောင် ကစားစရာ များ၊ အနီရောင် စာအုပ်၊ ခဲတံ၊ ပေတံ အစရှိသော အသုံးအဆောင် ပစ္စည်း အတိုအထွာလေးများကို ဝယ်ပေးဖြစ် စမြဲ။ ကျွန်မ ဝယ်ပေး သမျှ ပစ္စည်းတစ်ခုချင်း စီတိုင်းကို နီနီလေးကလည်း သဘောတကျ နှစ်သက်စမြဲ။ နီနီကလည်း အန်တီ ဖြူ့အတွက် ဟုဆိုကာ သူ့ ကျောင်း မှာ ဆွဲလာသော ပန်းချီကားချပ် ကလေးများ၊ စက္ကူပန်းကလေး များကို လက်ဆောင်အဖြစ် ယူလာပေးတတ်သေးသည်။ သမီး လေးနီနီ…

 ခြောက်နှစ်သမီးလေး နီနီက မျက်စိရှေ့ တွင်ပင် တစ်စတစ်စ အရွယ်ရောက် လာခဲ့သည်။ အရွယ်ရောက် လာသော နီနီလေး သည် ငယ်ငယ်ကလို လူကြောက် သော၊ စကားနည်းသော၊ အစား ရွေးသော သမီးလေးနီနီမဟုတ် တော့ချေ။ သွက်လက်သော၊ လှပသော၊ လူအများနှင့် ပြောဆို ဝင်ဆံ့သော၊ ချိုရွှင်တက် ကြွသော ချစ်စဖွယ် သမီးလေး နီနီ ဖြစ်လာခဲ့ သည်။ မပြောင်းလဲတာဟူ၍ ဂျစ် ကပ်ကပ်နိုင်တတ်ခြင်း၊ အနီရောင် ကို စွဲစွဲလမ်းလမ်း နှစ်သက်နေ ခြင်းနှင့် ကျွန်မကို ငယ်စဉ်အချိန် များက လို နှစ်လိုချစ်ခင်နေခြင်း တို့ပင်။ အန်တီ ဖြူ့ကို နီနီဘာဖြစ် လို့ ချစ်တာလဲဟု တစ်ခါမေးကြည့် ဖူးသည်။ ကျွန်မမေးသော မေးခွန်း မှာ တစ်ခု တည်းဖြစ်သော်လည်း နီနီ့ အဖြေမှာမူ အမျိုးအမည် များပြား စုံလင်လှသည်။ အသားဖြူ လို့၊ ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်ဝတ် လို့၊ ကာတွန်း ဖတ်လို့၊ ဆံပင်တိုလို့၊ ရေခဲမုန့်စားလို့၊ ဦးထုပ်ဆောင်းလို့၊ ရှူးဖိနပ် စီးလို့ ကျောပိုးအိတ်လွယ် လို့၊ လမ်းလျှောက်တာ မြန်လို့ အစ ရှိသည့် အဖြေများကို ဟန်ပန် အမူအရာများနှင့် တကွ ဖြေဆိုခဲ့ သည်။ ထိုမျှသာမက နှုတ်ခမ်းကို ချွန် နေအောင် လုပ်ကာ နီနီကြိုက် တာတွေနဲ့တူလို့ ပြီးတော့ နီနီ့ကို ချစ်လို့သိလားဟု နိဂုံးချုပ်တတ် ပါသေးသည်။ ကလေးဆန်ဆန် ရိုးသားသော သမီးလေး နီနီ၏ အပြော များ၊ အဖြေများကို ကြားရသည်မှာ ကျွန်မကိုယ်ကျွန်မ မှန်ထဲတွင် ပြန်မြင်ယောင်နေ သလိုပင်။ သမီးလေး နီနီ…

သမီးလေးနီနီ အရွယ် ရောက်လာချိန်တွင် သူ့မိခင်က တစ်ဦးတည်းသော သမီးကလေးမို့ အစစအရာရာ လိုလေသေးမရှိ ထားကာ မိန်းကလေး ဆန်ဆန် လှပအောင် ပြုပြင်ဆင်ယင် လို သည်။ ပွဲနေပွဲထိုင်တွေခေါ် သွားလိုသည်။ ပြောင်ပြောင် လက်လက်တွေ၊ လက်ဝတ်လက် စားတွေ ဝတ်စေလိုသည်။ နီနီက အပြင်း အထန် ငြင်းဆန်သည်။ ကျွန်မ သူငယ်ချင်းနီနီ့မေမေက မြန်မာဆန်ဆန် ဝတ်စားဆင်ယင် တတ်သည်။ အဝတ်အစားနှင့် လိုက်ဖက်ခေတ်မီသော လက် ဝတ်ရတနာ များကိုလည်း စီကာ စဉ်ကာ လှပကြည့်ကောင်းအောင် ဆင်ယင်ကာ ပွဲတက်တတ်သည်။ အပြောအဆို နူးညံ့ပျော့ပျောင်းပြီး မိန်းမ ဆန်ကာ အမူအရာ သိမ် မွေ့သည်။ သို့သော် နီနီက ရှပ် အင်္ကျီကြိုက်သည်။ ဂျင်း ဂျက်ကက်၊ ဂျင်းဘောင်းဘီ ကြိုက်သည်။ သားရေ ရှူးဖိနပ်လှလှများနှင့် လည်ရှည်ဖိနပ်များကို ကြိုက် သည်။ ဘောင်းဘီမှာ တပ် ရသော ချိန်းကြိုးတွေ၊ လက်မှာ အလှပတ်ရ သော ကွင်းတွေ၊ ကြိုးတွေနှင့် ဆွဲကြိုးများကို ကြိုက်သည်။ စတီးကြယ်သီးများ၊ အချွန် အတက်များ ပါသော ဦးထုပ်မျိုး ကိုမှ လိုချင် သည်။ ကျောပိုး အိတ် မှာ ချိတ်ဆွဲရသော တိုးလိုးတွဲ လောင်းများ၊ အရုပ် များနှင့် အရိုး ခေါင်းပုံသော့ချိတ် များကို ကြိုက် သည်။ မိဘနှစ်ပါးက လမ်းသရဲ ပစ္စည်းတွေ၊ နိမိတ် မရှိ နမာမရှိတွေ မို့ မသုံးရဟု တင်းကြပ်သည်။ နီနီ နှင့်အစစအရာရာမှာ ပြဒါး တစ်လမ်း သံတစ်လမ်း။

သမီးနီနီက အင်္ဂလိပ် သီချင်း များကို ကြိုက်နှစ်သက်သည်။ သီချင်းများများ ပါသော  High School Musical လို Glee ဇာတ်လမ်းတွဲ များကို အထပ်ထပ် အခါခါ ပြန် ကြည့်လိုသည်။

ဝတ္ထု၊ မဂ္ဂဇင်းအစ ရှိသော အပြင် စာများဖတ်သည်။ ဥာဏ်ကောင်း သော်လည်း ကျောင်းစာတော့ သိပ်မကြိုးစားချင်၊ စာမေးပွဲ တွေတိုင်း အလယ်အလတ် အဆင့်လောက် သာ။ ဖြစ်ချင် တော့ နီနီ့အမေမေက သီချင်း မကြိုက်၊ ရုပ်ရှင် မကြည့်၊ စာမဖတ်။ အင်္ဂလိပ် ရုပ်ရှင်များကို ဟိုအခန်း ဒီအခန်းတွေ ပါမှာပဲဟု လှေနံဓား ထစ် ယုံကြည်ကာ သမီး နီနီ့ကိုလည်း ကြည့်ခွင့်မပြုချင်။ ဝတ်စား ဆင်ယင်မှု များကို ရှက်ရွံ့စရာ ဟု ထင်မြင်တတ်သည်။ အင်္ဂလိပ် ဝတ္ထု များတွင် Love ဆိုသော စာလုံး များကို တွေ့ရုံမျှဖြင့် မျက်စိ မျက်နှာ ပျက်နေတတ်သည်။

ထိုအခါ နီနီက ရုပ်ရှင်များ ဇာတ်လမ်းများကို သူ့မေမေ မသိအောင် တိတ်တိတ် ခိုးကြည့် ရသည်။ စာအုပ်တွေကို ခိုးဖတ် ရသည်။ ဆယ်နှစ်နှစ်သမီး နီနီက သူမ ဖတ်လိုသော စာအုပ်များကို မိဘများ မသိအောင် ကျောပိုး အိတ်ထဲတွင် ကျောင်း စာအုပ်များ အကြား ဝှက်၍ ရော၍သယ် ဆောင်လာပုံ၊ မိဘများ အိပ် ပျော် လောက်သော အချိန်မှ ဝှက်ယူ လာသော စာအုပ်များကို အခန်း တံခါးကို ပိတ်ပြီး တိတ်တိတ် ဖတ်ရပုံ၊ သူမ၏ မဟာစွန့် စားခန်း များကို ကျွန်မအား ရယ် ရယ် မောမောဖြင့် ပြန်ပြောပြလေ့ရှိ သည်။ အန်တီ့အိမ်မှာ နီနီလာနေ လို့ ရမလားဟင် အန်တီဖြူ  နဲ့သာ နေရရင် သမီးအဲ့လိုတွေ ခိုးလုပ် စရာမလိုဘူးသိလားဟု သူ့ မျက်လုံး နက်ကလေး ထောင့်ကပ် ကာ တီတီတာတာပြောသောအခါ ကျွန်မစိတ်မကောင်း ဖြစ်ရသည်။ နီနီ့ကွယ်ရာတွင် သူ့မေမေကို ကျွန်မ စကားပြော ကြည့် သည်။ ခေတ်ကိုမြင်အောင် ကြည့်ပါဟု ပြောပြသော်လည်း နားမဝင်ပါ။ နင့်မှာ သမီးမှ မရှိတာ၊ နင်မသိပါ ဘူး။ မဖြစ်သင့်တာ မဖြစ်ရအောင် ခုလောက် ကတည်းက ကာကွယ် ထားမှ တော်ရုံကျမှာဟူသော စကားမျိုးဖြင့် ကျွန်မကို ပြန်လှန် ချေပတတ်သည်။

နီနီကလည်း နီနီ…နည်းနည်းတော့ ဆိုးပါသည်။ ဆံပင်ညှပ် ဆိုင်ကို အမေ မပါလျှင် မပါသလို ဆံပင်ကို သူ့စိတ်တိုင်းကျ တိုကပ်နေအောင် ညှပ်ပစ်တတ် သည်။ မကြာသေးခင်က ညာဘက် နားတွင် နားပေါက်နှစ်ပေါက်ထပ် ဖောက်လိုက်သောကြောင့် သား အမိတစ်တွေ ပြဿနာ တက်ကြ သည်ဟု သိရသည်။ မိဘများက ဘဲလေး  အက ကစေချင်ခဲ့သော၊ စန္ဒရားတီး၊ တယောထိုးစေချင်ခဲ့ သောနီနီက ကျောင်းတွင် ဘောလီ ဘော၊ ဘတ်စကတ်ဘော ကစား သည်။ ဘောလုံးကန်သည်။ စကိတ်ဘုတ် ကို မိဘများမသိ အောင် တိတ်တိတ်ဝယ်၊ ကျောင်း တွင် သိမ်းထားကာ အခြေအနေပေး လျှင်ပေးသလို ခိုးစီးတတ်သည်။ သူငယ်ချင်းထံမှ ဂစ်တာတီးသင် သည်။ သမီးလေး နီနီ….

အခုတလော ကျွန်မနှင့် တွေ့ သောအခါများတွင် နီနီက နီနီ မိန်းကလေး မဖြစ်ချင်ဘူး ယောက်ျားလေးဖြစ်ရင် သိပ် ကောင်းမှာပဲ နီနီက ယောက်ျား လေးပဲ ဖြစ်ချင်တာဟု မရဲတရဲ ပြောစပြု လာသည်။ နီနီအိမ်မှာ မနေချင်ဘူး သူငယ်ချင်းတွေနဲ့ ဘော်ဒါမှာ သွားနေချင်တယ် အန်တီဖြူ မေမေ့ ကို ပြောပေးပါဟု မကြာခဏ ပူဆာ တတ်လာ သည်။ ထိုအချိန်များတွင် ကျွန်မက နီနီ့ ကိုရော နီနီ့မေမေ ကျွန်မ သူငယ် ချင်းကိုပါ အပေးအယူလေး တစ်ခုခုပြုကာ ဖျောင်းဖျရတတ် သည်။ နီနီ့မေမေကတော့ သမီးနီနီ သိပ် ဆိုးသည်တဲ့။ ပြောစကား တွေကို တစ်ခုမှ နားမထောင်၊ စာလည်း မကြိုးစား လုပ်ချင်တာ တွေကများ အာရုံတွေကများ စသဖြင့် တွေ့လိုက်တိုင်း အပြစ် များ စွာပြောလေသည်။

တဖြည်းဖြည်း နီနီ့စိတ် ဓာတ်များ မာကျော ခက်ထန်လာ သည်ကို ကျွန်မ စိတ်မကောင်း စွာ တွေ့မြင်နေရသည်။ မလို အပ်ပါပဲ တင်းကြပ်နေသော စည်းကမ်းများ၊ ချုပ်ချယ် မှုများနှင့် အမိန့်ဆန်ဆန် ကန့်သတ်ချက်များ အကြားတွင် မိဘ များနှင့်လည်း အဆင်မပြေ၊ မိသားစု တိုက်ပွဲများက တစတစ ပြင်းထန် လာခဲ့သည်။ ကျွန်မ အမြင်မှာတော့ နီနီသည် အဆိုးကြီး ဆိုးနေသော ကလေး တစ်ယောက် မဟုတ်ပါ။ အသက် အရွယ်၏ စကားပြောမှု၊ ခေတ်၏ အနေ အထားတို့ကို လိုက်လျောညီထွေ မဖြစ်သော လူငယ် တစ်ယောက်၏ ဆန္ဒကို နားလည် မပေးတတ်သော မိခင်၏ ကိုင်တွယ်ဆုံးမပုံကြောင့် မလိုအပ်ဘဲြ<ွကပ်ဆတ်စပြုလာ သော သမီးလေးနီနီသာ ဖြစ် သည်။ သို့သော် နီနီ့ကို ကျွန်မ မပိုင်ပါ။ ထို့အတူ နီနီ့ မိဘများ ကိုလည်း ကျွန်မ မလွှမ်းမိုးနိုင်သလို လွှမ်းမိုးရန်လည်း မကြိုးစားခဲ့ပါ။ သူတို့သည် နီနီ့ မိဘအရင်းများ ဖြစ်ကြပြီး နီနီ့ အတွက် ကောင်းကျိုး ကို လိုလား သူများသာ ဖြစ်သည် ကိုလည်း ကျွန်မ စိုးစဉ်းမျှ ယုံမှား သံသယ မရှိခဲ့ပါ။ ခက်နေသည်က သမီးလေးနီနီ ….

”နီနီ အားလုံးစဉ်းစားပြီးပါပြီ နီနီ ခဏတော့ ထွက်သွားမှဖြစ်မယ် အန်တီဖြူ၊ ဒီလို အခြေအနေ အတိုင်း နီနီ ဆက်မနေနိုင်တော့ဘူး၊ နီ့ အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးပါ ပြီ။ ဟို ရောက်ရင် နီနီ ကိုယ့်ကိုယ် ကိုယ် ထိန်းနိုင်ပါပြီ။ ပြီးတော့ နီနီ လိမ္မာပါ့မယ်။ အလုပ်လုပ်ရင်း စာ လည်း ကြိုးစားပါ့မယ်။ နီ့ကို စိတ်ချပါ..” တည်တည်တံ့တံ့ မျက်နှာပေးလေးဖြင့် လေးလေး နက်နက် ပြောနေသော သမီးလေး နီနီကို ကြည့်ရင်း ကျွန်မအမြင်တွေ ရုတ်တရက် ဝေဝါးသွားခဲ့သည်။

”နီနီ လေယာဉ်က မနက်ဖြန် မနက်ဆယ် နာရီခွဲထွက်မှာ ဟိုကို ညနေ သုံးနာရီ ရောက် မယ်။ နေရမယ့် အဆောင်ကို ရောက် တာနဲ့ အန်တီ့ဆီကို နီဖုန်းဆက် မယ်လေ။ အိမ် ကနေတော့ ခါ တိုင်း ကျောင်းသွားနေသလိုပဲ ကျောပိုးအိတ် နဲ့နီ ထွက်သွားမယ်၊ သူငယ်ချင်း တွေက နီ့ပစ္စည်းတွေကို လေဆိပ်ကို ယူလာကြလိမ့်မယ်။ နီနီတို့ သူငယ်ချင်း ခြောက်ယောက် အတူတူသွားကြမှာပါ စိတ်မပူပါနဲ့ နီ အဆင်ပြေမှာပါ အန်တီဖြူ၊ ညနေ ငါးနာရီကျော်လောက် နီ ကျောင်းက ပြန်ရောက်နေကျ အချိန်လောက်မှန်းပြီး မေမေ့ဆီကို နီ ဖုန်းဆက် ပြီး အကျိုးအကြောင်း ပြောပြမှာပါ အန်တီဖြူ သိလျက်နဲ့ မတားရကောင်းလား ဖြစ်မှာစိုးလို့ မေမေတို့က တစ်ခု ခုပြောလာရင် အန်တီ မသိချင်ယောင်သာဆောင် နေလိုက်ပါနော်။ အခုလို ဘယ် သူ့ကိုမှ အသိမပေးဘဲ တိတ်တိတ် လေး စီစဉ်မိခဲ့ တဲ့အတွက် နီ့ကို ခွင့်လွှတ်ပါ အန်တီ…”

အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေသမီးလေး နီနီ တစ်ခုခု လိုအပ်ရင် အန်တီ့ကို အချိန် မရွေးဆက်သွယ်ဖို့ တိုင်ပင်ဖို့ မမေ့နဲ့နော်ဟု ကျွန်မပြော လိုက်သောအခါ နီနီ က ကျွန်မကို မျက်နှာချင်းဆိုင် ကျွန်မ မျက်လုံး များထဲသို့ တည့်တည့်ကြည့်ကာ နီ့စိတ်ထဲမှာ အမြဲရှိပါတယ်။ စိတ်ချပါ အန်တီဟု ခိုင်ခိုင်မာမာ ပြောလေသည်။ ကန့်ကွက် တားမြစ်စကား တစ်စုံတစ်ရာ မဆို၊ မိဘကို မဖြစ်မနေ အသိ ပေးရန် အားပေး တိုက်တွန်းခြင်း မပြုသော ကျွန်မကို နီနီ အနည်းငယ် မျှ အံ့သြဟန် မပြသည်ကို ကျွန်မ လည်း ထူးခြားပြီးမအံ့သြခဲ့ပါ။

ခြံဝင်း တံခါးဘောင်ကို ဆုတ်ကိုင်ရင်း နီနီ ထွက်သွားရာ လမ်း တစ်လျှောက် မြင်ကွင်းထဲမှ ဂျက် ကက်အနီရောင်ကလေး တရွေ့ရွေ့ ပျောက်ကွယ် သွားသည်အထိ ကျွန်မ လိုက်ကြည့်နေမိသည်။ ထိုညက နေ့စဉ် မှတ်တမ်းထဲတွင် အခွင့်သာသော နေ့တစ်နေ့မှာ ကျွန်မကိုယ်တိုင် တစ်ချိန်က သမီး နီနီ တစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း သမီးလေး စန္ဒီ့ကို ပြန်ပြောပြရန် ဟုချရေးကာ အနီရောင် ကြယ် ပွင့်လေးတစ်ခု အမှတ်အသားပြု ဖြစ်ခဲ့ပါသည်။

သက်ဝေ

Both comments and pings are currently closed.