ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့ တိမ်


(၁)
နေတစ်စင်း၏ အေးချမ်း သောအပြုံးကို မြင်ဖူးပါသလား။
ညိုရော်ရော် ဝါရီသော ခရမ်း နုရောင် အလင်းဆွတ်သည့် မျက်နှာရိပ်  တစ်ခုကို ညနေရီဟု ခေါ်ပါသည်။ စကားစမြည်ပြော လာသည့် အုပ်စုလိုက် အိမ်ပြန်ချိန် စက်ဘီး များ၊ ကောင်းကင်ပေါ်က အိပ်တန်းပြန် ငှက်ငယ်များ၊ ကျောပိုးအိတ် ကိုယ်စီနှင့် အဖြူ အစိမ်း ဝတ်စုံများ…။ ညနေရီ ဆိုတာ အပြုံးလဲ့လဲ့လေး လင်းနေ တတ်သည့် တံခါး တစ်ချပ်။ အဲသည် နှုတ်ခမ်းနှစ်ချပ် က ဆွေးရီစွာ ပြုံးတတ်လွန်းသည်။ နှုတ်ဆက် စကားများကို မဆိုသေးမီ။

(၂)
တစ်…နှစ်…သုံး… လေး…ငါး။
လွန်ခဲ့သော လက်ငါးချောင်း စာနှစ်များ အဝေးကတည်းက ညနေခင်းဟာ သည်အတိုင်းပဲ။ သတိရခြင်းတွေ ခပ်ဖွဖွရေးခြယ် ထားသော ဆည်းဆာသည် ညနေ ခင်း၏ ညှို့ငင် ဆွဲဆောင်မှုဖြစ်ခဲ့၏။ ညနေခင်းတစ်ခုမှာ နွေးလျသော အပြုံးများဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ပထမဆုံး အကြိမ် နစ်ဝင်မတတ် စိုက်ကြည့်ခဲ့ ဖူးသည်။ ထို့နောက် လက်အိတ် ကိုယ်စီစွပ် ထားသည့် လက်တွေဖြင့် ဆောင်း ဆည်းဆာကို နောက်ခံ ထားရယ် မောကာ အတူ လက်တွဲလျှောက်ခဲ့ ဖူးသည်။ မိုးစက် မှုန်တွေနှင့်နေခြည် ရောစပ်ထားသော မိုးညနေခင်း မှာတော့ သက်တံ့ကြီးကို နှစ်ယောက် သား ထိုင်ငေးခဲ့ဖူးသည်။ ကိုယ်နဲ့ မင်းရဲ့ သက်တံ့ကြီးပေါ့။ မိုးကုပ် စက်ဝိုင်း အစွန်းနှစ်ဖက်ကို သည် သက်တံ့ကြီးက ချိတ်ဆက်ပေးထား သည်ဟု ကိုယ် လှိုက်လှဲစွာယုံကြည် ခဲ့ဖူးသည်။ ဘဝမှာ ရှားပါးစွာ မြင် ခဲ့ရဖူးသည့် သက်တံ့တိုင်းက ညနေ ခင်းတိုင်းမှာသာ ဖြစ်လေတော့ ကိုယ်သည် ညနေခင်းတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ခဲ့ သည်။

အိပ်မက်မျှားသည့် ကိရိယာ မလိုဘဲ ညနေခင်းမှာပင် အိပ်မက် ကောင်းကောင်းလေး များကို စိတ် ကူးထဲမှာ မင်းက မက်လေ့ရှိသည်။ ညမရောက်မီ အိပ်မက်မက်ဖို့ ပြင် ဆင်လေ့ ရှိသောမင်းကို ညမှာ တောင် အိပ်မက်မက်လေ့ မရှိသော ကိုယ်က လှောင်ရယ်ခဲ့ပြီးသည့် နောက်ပိုင်း အဲသည် အိပ်မက်တွေ အကြောင်းကို မင်းဘယ်တော့မှ ကိုယ့်ကို အသိမပေး တတ်ခဲ့။ မင်း ကြိုက်သော နှုတ်ခမ်း ဆိုးဆေးရဲရဲ များ၊ လိုင်နာခပ်ထူထူ များနှင့် ခေတ်ရှေ့ပြေးသည့် အဝတ်အစား ဆန်းများအကြောင်း ကိုယ်မသိခဲ့ ပါ။

ကိုယ်သိခဲ့သည်က မင်း၏ အမြဲ လှိုက်လှဲကွေးညွတ်သော အပြုံး လန်းလန်းဆန်းဆန်းများ၊ ကာတွန်းရုပ် ကလေးလို ချစ်စဖွယ် နှုတ်ခမ်းကလေး၏ စကားပြောသံ များ၊ ရည် မွန်နှစ်လိုဖွယ်ကောင်း သည့်ကိုယ်ဟန်နှင့် သန့်ပြန့်ခန့် ညားသေသပ်စွာ ဝတ်စားဆင်ယင် တတ်မှုများ၊ ရှည်လျားမြင့်မားသော အရပ်ကြီးနှင့် ကိုယ့်ကို ကလေး တစ်ယောက်လို အုပ်မိုး ကြည့်တတ် သည့် လူငယ်လေး တစ်ယောက်၏ အကြင်နာမျက်ဝန်းများ…။ ကိုယ် ရင်သိမ့်ခုန်နွေးစွာ နောက် တစ်နေ့လုံး ပြုံးနေအောင် တစ်ညက ဖုန်းထဲက မင်းဆိုပြသည့် သီချင်းက James Blunt ၏ You’re Beautiful ။ ကိုယ့်အတွက် James Blunt ၏ အသံထက် မင်းရဲ့အသံက လူကြီး လူကောင်း ပိုဆန်ကာ သြရှချိုကြည်စွာ ပို၍ နားထောင်ကောင်းခဲ့သည်။

ညစဉ်ညတိုင်း ပေါ့ပ်သီချင်း ချိုချိုလေးတွေကို ‘ဂွတ်နိုက်ဆောင်း’ ဟု ကိုယ့်အတွက် သီးသန့်ဆိုပြ တတ်သော မင်းကို ကိုယ် တစ်စ ထက်တစ်စ ငြိတွယ် မက်မောလာခဲ့ သည်။ အလုပ် အားရက် စနေ တနင်္ဂနွေတစ်နေ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ဆိုင်မှာ အမြဲတွေ့ဖြစ်တိုင်း သီချင်းအယ်လ်ဘမ် အသစ်တွေ အကြောင်း၊ ဘေလ်ဘုတ် သီချင်း တွေအကြောင်း ခရားရေလွှတ် တတွတ်တွတ်ပြောတတ်သော မင်း ဆီက ကိုယ် စိတ်ပါလက်ပါ နား ထောင်တတ်ခဲ့သည်။ အိမ်အပြန် လမ်းမှာ ကိုယ့်လက်တွေကို မလွှတ် တမ်း ဆုပ်ကိုင်ထားတတ်သော လက်တွေ၏ ခပ်ဖွဖွနူးညံ့သော အထိအတွေ့က ကိုယ့်ကို လုံခြုံစေ သည်။ ပျော်ရွှင်စေသည်။ ကမ္ဘာမြေ ပေါ်မှာ ကံအကောင်းဆုံး လူသား တစ်ယောက်ဟု ဘဝင်မြင့်စေ သည်။ ခေါင်းမတ်မတ်ထား လမ်း လျှောက်တတ်သည့် မင်း၏ တောက်ပနက်မှောင်သော မျက် ဝန်းချိုရီရီကို ခိုးခိုးကြည့်တတ်သော ကိုယ့်ကို မင်း မသိချင်ယောင် ဆောင်ထားရာမှ အလစ်အငိုက် ဖမ်းလျှင်တော့ ကိုယ့်မျက်နှာ ရဲသွား တတ်သည်။ အဲသည်တော့ ကိုယ် က ခေါင်းကို ဇွတ်ငုံ့ပစ်သည်။ တွင် တွင်ငုံ့ထားသော မျက်နှာကို ဘယ် လိုမှ မော့ခိုင်းလို့မရသည့်အခါ မင်းက ခေါင်းမော့ ရယ်မောရင်း ကိုယ့်ခေါင်းကို မင်းရင်ခွင်ထဲ ဆွဲသွင်းတတ်သည်။

ကိုယ့်ဆံနွယ်များကြားထဲ မင်း၏ ဝင်သက်ထွက်သက်တွေ အတန်ကြာ အုပ်မိုးနေခဲ့ဖူးသော အခိုက်အတန့်လေး များစွာကို ကိုယ် နင့်သီးစွာ လွမ်းပါသည်။ တိမ်လေး တစ်စလို မင်းရင်ခွင်ထဲ ခေါင်းဝှက်ကာ လွင့်မျောခဲ့ဖူးသော ညနေခင်းတိုင်းသည် အလှပဆုံး စိတ်ကူးတိုင်း ထက်ပိုလှပ၍ အခမ်း နားဆုံး အိပ်မက်တိုင်း ထက်လည်း ပို၍ အိပ်မက် ဆန်သည်။ နေဝင် ချိန် အိမ်ပြန်လမ်းထက်က ကိုယ် တို့ခြေရာတွေကို ကောင်းကင်မှာ ဖြတ်ပြေးသွားသည့် တိမ်တွေက ရေတွက်ဖူး ကြပါလိမ့်မည်။ ကိုယ် ကတော့ ထာဝရဟု ယုံကြည် စွဲထင် ခဲ့သူမို့ ကိုယ်တို့ ဆုံနေကျ ညနေခင်း ဘယ်နှခုရှိသလဲ ဘယ်တော့မှ မရေ တွက်ခဲ့ဖူးပါ။ ရေတွက်မယ့်ရေ တွက်ခဲ့တော့လည်း ကျိုးပျက် ခဲ့ သည့်အမှတ်တရတွေကို ပြန် ကောက်ကြည့်ရသလိုမျိုး နာကျင် ကြေကွဲဖွယ် အတိပါလားကွယ်။

ဒင်နာပွဲ၊ ပါတီပွဲ၊ နှစ်ပတ် လည်ပွဲ ကုမ္ပဏီ တံဆိပ်ကပ်ပြီး ကိုယ်တို့ဆုံနေကျ ညနေခင်း ကလေးကို မင်း အချိန်ဇယားမှ ထုတ်ပယ် ခံလိုက်ရသည့် အခါတွေ ခပ်စိပ်စိပ် များလာသည့်တိုင် ကိုယ့် ဘက်ကတော့ မပျက်ကွက်ခဲ့ပါ။ ထိုင်နေကျကော်ဖီဆိုင်ကလေးက ထိုင်နေကျနေရာလေးမှာ ကိုယ် တစ်ယောက်တည်း။ အက်ပရက်စ် ဆိုခါး ခါးသောက်ရင်း တစ်ယောက် တည်း နာကျင် ပူလောင်ခါးသီးနေ ဆဲ။ ကိုယ့်ဘေးမှာ ဘယ်သူမှမရှိပါ။ မင်းဘေးမှာတော့ အင်စတာဂရမ် ထဲက ငါးခူပြုံးနှင့်နှုတ်ခမ်း ဆိုးဆေး ရဲရဲကောင်မလေးတစ်ယောက်များ ရှိနေမလား။ In a relationship with ဟု ထိုကောင်မလေးနှင့် မင်း ရဲ့ Status ကို မမြင်ရသေး ခင်က ပင် ရှေ့ သွားနောက်လိုက် ညီသားပဲဟု နာကျင်အက်ကွဲစွာ ကိုယ် ခန့်မှန်း ကြည့်ခဲ့ဖူးပြီးသားပါ။ တကယ်တမ်း အဖြေ ထွက်လာတော့ ကိုယ် မအံ့ သြတော့ပြီ။ ဖြေရှင်းချက် လည်း မတောင်းခံခဲ့သည့် ကိုယ့်ကို မင်း အံ့သြနေမည် ဆိုတာ ကိုယ် သိပြီး သားပါကွယ်။ တကယ်ဆို ဘာဖြေ ရှင်းစရာ လိုတော့လို့လဲ။

မလိုပါ၊ သွားပါကွယ်။ ကိုယ့် ကို မနှစ်သက်တော့တဲ့ လူတစ် ယောက်ကို ဘာကြောင့်များ ဆွဲ ထားစရာလိုမလဲ။ နှလုံးသားရဲ့ ဆုံးဖြတ်ချက်ဆိုတာ ဘယ်တော့မှ အယူခံဝင်စရာ မလိုတဲ့အရာ။ ကိုယ်ပြတ်သားခဲ့သည်။ ကိုယ့် အပြောကို မင်းပြန်ကြားတော့ မင်း ကိုယ့်ဆီ ဖုန်းဆက်ခဲ့သည်။ ‘ညီစေ မင်း’ ကိုပဲ ရွေးချယ်လိုက်ပါ။ အမိန့်သံဆန်တဲ့အပြောမှာ ကိုယ် မင်းကို မုန်းသွားခဲ့သည်။

(၃)
ကိုယ် အလွတ်ရမှတ်မိနေ သော နာမည်ဆန်းတစ်ခု၊ ပို့စ်စကတ်ဒ် လှလှလေးများ၊ နှင်းဆီ ပွင့်ကလေးများ တစ်နေ့ပြီးတစ်နေ့ အရောင် မထပ်ရအောင် ခြံရှေ့က စာတိုက်ပုံး ကလေးထဲ ရောက်နေ တတ်သော မနက်ခင်းများ။  Juno သို့… ညီစေမင်းတဲ့။ ပို့စကတ်ဒ် အောက်ခြေမှာ အမြဲရေးထိုးထား လေ့ရှိသော စာကြောင်း ကိုမြင် လျှင် ကိုယ်ပြုံးမိကာ အလိုမကျမိမြဲဖြစ် သည်။ နာမည် အစစ်လား… ကိုယ့်ကို နောက်တာလား။ ဘယ် နှယ့်တော် ကိုယ် သိတောင်မသိ သည့် လူတစ်ယောက်နှင့် ခံစား ချက်ချင်း ညီစေဖို့ဆိုတာ အတော် ဂွကျတဲ့ကိစ္စမဟုတ်လား။ လပေါင်း အတန်ကြာ မပျက် မကွက်ရောက် နေတတ်သော ပို့စကတ်ဒ်နှင့် နှင်းဆီ၏ ပိုင်ရှင်ကို တစ်နေ့မှာ ကိုယ် သိခွင့်ရခဲ့သည်။ မျက်မှန် ခပ်ထူထူနှင့် ရပ်ပ်ပါဒီဇိုင်းကောင် ကလေး တစ်ယောက် မနက်ခင်း ငါးနာရီခွဲလောက်မှာ စာတိုက်ပုံး နားလို့ တရွေ့ရွေ့ ချဉ်းကပ် လာတာ မြင် ရသည်။ အပေါ်ထပ်ဝရံတာက နေ ကိုယ် လျင်လျင်မြန်မြန် ပြေး ဆင်းကာ ခြံတံခါးကို ဖွင့်သည်။

”ဟိတ် ဒီမှာ ဘာလာလုပ် နေတာလဲ”

ထိုပုဂ္ဂိုလ်က ရုတ်တရက် ကြောင်အမ်းနေသည်။

”ဘယ်သူက လာပို့ခိုင်းလိုက် တာလဲ”

ထိုပုဂ္ဂိုလ်က နှုတ်ပိတ်တိတ် ဆိတ်စွာ ပြန်မဖြေဘဲ ကိုယ့်ကို အနေခက်စွာ စိုက်ကြည့်နေ သည်။

”ဒါနဲ့ ပို့စကတ်ဒ်က ဒိတ် အောက်နေပြီ။ ပန်းတွေက တစ်နာရီ နှစ်နာရီလောက် စာတိုက်ပုံးထဲ အလှောင်ခံထားရရင် မလန်းတော့ ဘူး”

”ဟင်”

”ဟိုမှာ တွေ့ဖူးလား။ ခြံထဲ မှာ နှင်းဆီပန်းတွေ ပြည့်လို့”

ကိုယ် အိမ်ထဲပြန်ဝင်သွားချိန် မှာ ထိုပုဂ္ဂိုလ် စာတိုက်ပုံးနားမှာ ရပ်လျက်သာ ကျန်ခဲ့သည်။ အံ့သြ ဖွယ်ကောင်းစွာ နောက်နေ့ကစ စာတိုက်ပုံးထဲ ဘာပန်းဘာ ပို့စကတ်ဒ် မှ ရောက်မလာတော့ပါ။ သို့သော် ရံဖန်ရံခါ ညနေခင်းတွေ မှာ အိမ်ရှေ့ လမ်းကလေးမှာ၊ သို့မဟုတ် ကိုယ် အမြဲသောက်နေ ကျ ကော်ဖီဆိုင် မှာ ဒါမှမဟုတ် သင်တန်း ပတ်ဝန်းကျင်မှာ ဖျတ်ခနဲ ဖျတ်ခနဲ ငေးရီသော မျက်ဝန်းများ ဖြင့် ထိုပုဂ္ဂိုလ်ကို အမြဲတွေ့ရတတ် မြဲ။

တစ်ညနေခင်းမှာတော့ …။

ကော်ဖီဆိုင်ကလေးထဲ ထုံးစံ အတိုင်း တစ်ယောက်တည်းထိုင် ရင်း ကက်ပချီနို တစ်ခွက်၊ အာလူး အစပ်ကြော် တစ်ပွဲ၊ ဟမ်ဘာဂါ တစ်ပွဲဖြင့် ဖွင့်ထားသည့် သီချင်း တွေ အေးအေးဆေးဆေး ထိုင် နားထောင်နေမိ၏။ ဟမ်ဘာဂါကို ပထမပေးထားသည့် ဓား၊ ခက်ရင်း နှင့်စားမည်လုပ်ပြီးမှ ပြန်ချထား လိုက်သည်။ ဗိုက်က အတော် ဆာ လောင်နေတာမို့ လက်နဲ့ပဲခပ်မြန် မြန်စားဖို့ ဆုံးဖြတ်လိုက်သည်။ သုံးလေးလက်မ ထုထည်ကို လက် နှစ်ဖက်ဖြင့် မကိုင်ကာ အားရပါးရ ပထမတစ်ကိုက် ကိုက်မိချိန် မှာ နောက်ဖက်ဝိုင်းမှ လှောင်ရယ်သံ တွေ အကျယ်ကြီး ထွက်လာသည်။ ပလုတ်ပလောင်းဖြင့်ပင် စိတ်တိုစွာ နောက်ဖက်ကို လှည့်ကြည့်မိတော့ လူငယ်ဝိုင်း တစ်ဝိုင်း။ ကိုယ့်ကို ဘယ်အချိန်ကတည်းက စောင့် ကြည့်နေမှန်းမသိချေ။ ငလောင် တွေမျက်နှာကို ဒေါသဖြင့်လိုက် ကြည့်မိစဉ်မှာ ကိုယ့်ကို ကြည့်ရင်း အရယ် အမော မပျက်သော ‘ညီစေ မင်း’ ဟူသည့် ပုဂ္ဂိုလ်ကို တွေ့လိုက် ရသည်။ ကိုယ် မျက်စောင်းထိုးကာ ခြေဆောင့်ချ ပစ်ရင်း ငလောင် ကောင်တွေကို စိန်ခေါ်ကြည့်ဖြင့် ကြည့်မိသည်။ အလကား ကလေ ကချေအမှိုက်ထုပ်တွေ။

ကိုယ် ကော်ဖီကို မော့သောက် နေတုန်းမှာ ကိုယ့်ဝိုင်းသို့ ထိုပုဂ္ဂိုလ် ရောက်လာသည်။ မမျှော်လင့်သော ကြောင့် ကိုယ် ကော်ဖီတွေ သီးကုန်သည်။

”ဟာ…ဂျုနို…ဂျူနို”

ထိုပုဂ္ဂိုလ်က ရေတစ်ခွက်ငှဲ့ ကာ ကိုယ့်ကိုကမ်းပေးသည်။ ကိုယ် စိတ်တိုတို  ရှက်ရှက်ဖြင့် သူ့ရင်ဘတ်ဆီသို့ အဲသည်ရေတွေ ဖြင့် ပက်ပစ်လိုက်သည်။

”အား” ဟု အကျယ်ကြီး အော်ကာ သူ နောက်သို့ ခုန်ဆုတ် သွားသည်။ ကံဆိုးချင်တော့ သူ့ ရင်ဘတ်မှာ အတော် ရွှဲစိုသွားသော ရေက ရေပူတွေဖြစ်နေသည်။ နာကျင် ထိတ်လန့်စွာ ကိုယ့်ကိုလှမ်း ကြည့်သော မျက်ဝန်းတွေကို ကိုယ် ထိတ်လန့်စွာ၊ ပြီးတော့ မုန်းတီးစွာ စိုက်ကြည့်ရင်း နေရာမှ ထလိုက်မိ သည်။

”ညီစေမင်း… ငါ့ကို လာ လာမနှောင့်ယှက် စမ်းနဲ့၊ နင့်ကို မြင်နေရတာ စိတ်ဒုက္ခရောက် တယ်”
ကိုယ် စိတ်တိုတိုဖြင့် ကျောပိုး အိတ်အသေးလေးကိုလွယ်ကာ ပိုက်ဆံအိတ်ကို လက်မှာကိုင်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထိုနောက်ပိုင်း ကော်ဖီဆိုင်မှာရော၊ ရပ်ကွက်ထဲမှာရော၊ ကိုယ်တို့အိမ် ရှေ့လမ်းကလေးမှာရော သူ့ကို လုံးဝမတွေ့ရတော့”
တစ်ညနေ ကော်ဖီဆိုင် ကလေးကိုရောက်တော့ စားပွဲထိုး ကောင်လေးက သီချင်းတွေပြောင်း ဖွင့်နေတာ တွေ့ရသည်။
”ဇေယျာ… အင်္ဂလိပ် သီချင်းလေးတွေလည်း ဖွင့်ပါဦး”
ဇေယျာက EVD စက်ကို ဒီအတိုင်း ခွေမထည့်သေးဘဲထား ကာ ကိုယ့်ဆီ ခပ်သွက်သွက် လျှောက်လာသည်။

”မမ…ကြိုက်တဲ့ သီချင်း တွေက ဒီမှာမရှိဘူး”

”ဟဲ့ မဟုတ်ဘဲနဲ့ အရင်က ဖွင့်ထားတာပဲဟာ”

”ဟို… အဲဒါကလေ၊ ဟို … အစ်ကို … မမ ရေနွေးနဲ့ ပက်လိုက်တဲ့ အစ်ကို သူ ယူယူလာ ပြီး မမရောက်ရင် ဖွင့်ပေးခိုင်းထား တာ။ အခု အဲဒီအစ်ကို မရောက် လာတာ ကြာပြီ။ မမက ရက်စက် တာကို”

”ဇေယျာ နင် Tip ရတိုင်း လျှောက်လုပ်ေ နတယ်ပေါ့။ သူတို့ တစ်ဖွဲ့ကြီး ငါ့ကို ဝိုင်းလှောင်နေ တာပဲ။ နင်မြင်တယ် မဟုတ်လား။ သူ့ကို မကြိုက်တာနဲ့ အဲဒီလို အုပ်စု နဲ့ ဝိုင်းလှောင်တတ်တာ လမ်းသရဲ အကျင့်ဟ၊ မှတ်ထား”

”ဒါပေမဲ့ မမ ကော်ဖီသီးသွား တော့ သူ စိုးရိမ်တကြီးရောက်လာ တာကို ရေနွေး နဲ့ပက်တာတော့ မကောင်းဘူးပေါ့”

”ငါ ရေနွေးမှန်း သတိမထား မိဘူးဟဲ့။ ဒေါသ ထွက်နေတာပဲ အဲသည်တုန်းက သိလိုက်တယ်။ အေးလေ … အခုတော့ ငါ နားအေး ပါးအေးနဲ့ အနှောင့် အယှက် ကင်း သွားတာပဲ ဝမ်းသာ တယ်။ နောက်နေ့ သီချင်းခွေတွေ ငါ ယူလာခဲ့မယ်”

ကိုယ့်အာရုံထဲ ငြိတွယ်ခြင်း မရှိခဲ့သော ရစ်ပတ်လာသည့် ကြိုး လေးတစ်ချောင်းကို ကိုယ် လွယ် လွယ်ကူကူပဲ မေ့လျော့ခဲ့သည်။ ကမ္ဘာကြီးက လည်နေတာ လား။ ပြက္ခဒိန် စာရွက်တွေကတော့ နာကျင်မှု ရက်စွဲတွေ ကိုယ့်ဆီ တကျော့ပြန်လာရောက် ရေးထွင်း နေချေပြီ။

”ညီစေမင်း…ညီစေမင်း၊ မင်း သူ့ကို သိနေတယ်ဟုတ် လား”

”ဂျူနို… ကိုယ် တောင်းပန် ပါတယ်။ ကိုယ်နဲ့ညီစေက အချစ် ဆုံးသူငယ်ချင်းတွေပါ။ ကိုယ်တို့ အလောင်းအစား လုပ်ခဲ့တယ်။ ဂျူနိုကို ဟိုအရင် ကတည်းက ကိုယ် သိနေခဲ့တယ်။ ညီစေ တဖွဖွပြော လွန်းလို့ပါ။ သူ စွဲလမ်းနေတဲ့ ကောင်မလေးကို ဘယ်ကောင် လေးမှ လိုက်လို့မရသေးဘူး။ မာန သိပ်ကြီးတယ်တဲ့။ သူ့ကိုလည်း ဂရု မစိုက်လို့ စိတ်ညစ်နေတယ်တဲ့။ ဒီလောက် ရည်မွန်ပြီး ဘယ်ကောင် မလေးမှ မကြိုက်ဖူးတဲ့ ညီစေလို လူမျိုးကိုငြင်းတဲ့ ဂျူနိုကို ကိုယ် သိပ်စိတ်ဝင်စား သွားတယ်။ မခံချင် လည်း ဖြစ်သွားတယ်။ တကယ် တော့ အဲဒီညက ကိုယ်တို့သူငယ် ချင်း တစ်သိုက်ဆုံတုန်း ဝိုင်းကလေး နဲ့ ထွေနေခဲ့တာပေါ့။ တစ်ယောက် ကိုယ်တစ်ယောက် မခံ ချင်အောင် စရင်းနောက်ရင်းနဲ့ ကိုယ်တို့ အလောင်းအစားက သူငယ်ချင်း တွေအားလုံးရှေ့မှာ အတည်ဖြစ် သွားခဲ့တယ်။ ဟိုတစ်လောက ကိုယ့်ကို ညီစေ ဆွဲထိုးခဲ့တယ်။ မင်း နိုင်ပါတယ်ကွာ။ ရပ်တန်းက ရပ်ပါတော့လို့ သူ တောင်းဆိုခဲ့ တယ်။ သူ သိပ်ခံစားနေရတယ် ဂျူနို။ စန္ဒီက ဟိုအရင် ဂျူနိုဆီ ကိုယ်မရောက်ခင် ကတည်းက ကိုယ့်ကို အဖြေပေးပြီးသားပါ။ ဂျူနိုကို ကိုယ် Request လုပ်ပါ တယ်။ ညီစေကို စာနာပေးပါလို့”

”သြော်…သြော်၊ ဒီလိုလား သဒ္ဒါ။ လှည့်စားတယ် ဆိုတာ ဒါမျိုး လား။ ယောက်ျား မာယာဆိုတာ တကယ်ကြောက်ဖို့ ကောင်းပါလား ဟင်”

ကိုယ့်လက်ဖဝါး တစ်ဖက်က မင်းပါးပြင်ထက်ဆီ အရှိန်နှင့်လွင့် ဝဲကျသွားသည်။ သို့သော် လမ်း ခုလတ်မှာ ကိုယ့်လက်ကို မင်းက ဆွဲဖမ်းထားသည်။ ကိုယ့်ပါးပြင် ထက်မှာ မျက်ရည်မြစ်နှစ်စင်း က အရှိန်ပြင်းပြင်း စီးဆင်းလာသည်။ နှလုံးသားကို ကစားစရာ မှတ်နေ ကြတယ်ပေါ့။

”မင်း ကိုယ့်ကိုတော့ ဘာမှ အမိန့်လာမပေးနဲ့ သဒ္ဒါ။ မင်းတို့ တွေ သိပ်ကြောက်စရာကောင်း တာပဲ”

ကိုယ် မင်းကို ကျောခိုင်း လိုက်သည်။ ကိုယ် ထွက်ခွာသွား တော့မလို့ပြင်ဆဲ နှုတ်ခမ်းပါးတွေ က ထိန်းမရစွာ နောက်ဆုံးမေးခွန်း ကို အံကြိတ်ပေးလိုက်မိသည်။

”မင်း… ကိုယ့်ကို နည်း နည်းလေးတောင်မှ မချစ်ခဲ့ဘူး လား။ ဒီတစ်ခုပဲ ဖြေပါ”

မင်း… အကြာကြီး တိတ် ဆိတ်နေသည်။ ကိုယ့်နောက်ကျော ဘက်မှ ကိုယ် အလွတ်ရနေသော မင်း၏ အသက်ရှူသံကို နာကျင်ဖွယ် ကြားနေရသည်။ ကိုယ် စောင့်စား ရင်း ခေါင်း တဒိတ်ဒိတ်ကိုက်လာ သည်။ အတန်ကြာသည်ထိ မင်းက တိတ်ဆိတ်နေသည်။ သည်းမခံနိုင် သည့်အဆုံး ကိုယ် ရုတ်တရက် ပေါက်ကွဲ သွားတော့သည်။

”မင်းက လှည့်စားတတ်တဲ့ ခပ်ညံ့ညံ့ယောက်ျား တစ်ယောက် လားလို့ ကိုယ် မေးနေတာ သဒ္ဒါ။ တစ်ခုခုတော့ ဖြေရမယ်။ အဖြေ မှန်ကတော့ ရှိနေရမယ်။ ဘယ်လို အဖြေ ပဲဖြစ်ဖြစ် ကိုယ် အမှန်တရား ကိုပဲ သိချင်တာ။ ဒီတစ်ခုတော့ နောက်ဆုံးအနေနဲ့ ကိုယ့်ကို ရိုးရိုး သားသားဖြေပေးခဲ့မှ ဖြစ်မယ်”

ညနေခင်းနှင့်အပြိုင် အက်ကွဲ နီမောင်းနေသော မင်းမျက်ဝန်းမှာ နာကျင်မှုတွေ သီးနေတာကို ကိုယ် တအံ့တသြမြင်နေရသည့် အခါ။ အရာအားလုံးကို ကိုယ် ဆွဲရမ်းချေ မွချင် သွားသည်။ အရူး တစ်ယောက် လို ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မင်း မျက်ဝန်းတွေနှင့် အနီးဆုံး အထိ ကိုယ် ရွေ့လျားသွားမိသည်။

”ဖြေလေ သဒ္ဒါ။ ဖြေလိုက် စမ်းပါ”

အိုး… မင်း ခေါင်းယမ်း သည်။ ပြီးတော့ မင်းမျက်ဝန်းမှာ မျက်ရည်တွေ။ ကိုယ် ဆတ်ခနဲ တုန်လှုပ်သွားသည်။ ယောက်ျား တစ်ယောက်ရဲ့ မျက်ရည်တွေ။ အထူးသဖြင့် လှည့်စားတတ်သော ယောက်ျားတစ်ယောက်၏ မျက် ရည်တွေ။ ကိုယ် နုညက်ပြင်းထန် သော ကြေကွဲမှုမှ ရုန်းထွက်လိုက် သည်။

”တစ်သက်လုံး ကိုယ် မကြေ ဘူး သဒ္ဒါ။ ကိုယ် မှတ်ထားပါ့မယ်။ နောက်ဆုံးအချိန်ထိတောင် ကိုယ့် ကို အနိုင်ယူထားခဲ့တယ်”

နောက်ဆုံး ညနေခင်း တစ်ခု ပါ။ ဖိနပ်တစ်ရံဟာ တစ်ဖက်စီ ကွဲသွားသည့် အခါ ဘယ်လိုခရီးကို များ တစ်ဖက်စီ ဆက်လျှောက်လို့ ရဦးမှာလဲ။ ကောင်းကင် တစ်ပြင်လုံး မှာ ဆည်းဆာ အသည်းကွဲရောင် တွေ ရင့်တက်လာသည်။ ကောင်း ကင်ပြာ၏ ငြိမ်းချမ်းမှုကို နေဝင် ဆည်းဆာမှာ ကိုယ် ဘယ်လိုမှ ရှာလို့မတွေ့ပါ။ တိမ်တစ် အုပ်က ကောင်းကင် အပျက်ကို စူးစမ်းရင်း လေနှင်ရာ လွင့်မျောသွားသည်။ အဲသည် တိမ်ကလေးတွေလိုပဲ ကိုယ် လွင့်မျောသွားတော့မယ် သဒ္ဒါ။ ဟိုးအနာ ဂတ်နှစ်ပေါင်းများ စွာ အဝေးဆီကိုပေါ့။

(၅)
ခေါင်းငိုက်စိုက်ကျန်နေခဲ့ သော လူတစ်ယောက်နှင့် … အတူ၊
”ဂျူနို…ဂျူနို…”
သစ်ပင်နောက်ကွယ်မှ အသံတစ်သံက အက်ကွဲစွာ လှမ်း ခေါ်သည်။ သို့သော် …
ကိုယ် မကြားမိပါ။

(၆)
နေ့တိုင်းနေ့တိုင်း ညနေဆည်း ဆာကို ကြုံရမယ်။ ဆည်းဆာ ကောင်းကင် ကို ဖြတ်သွားတဲ့ တိမ် ကလေးတွေလည်း ရှိနေတုန်းပဲ။ အဲသည်ထဲက ညနေခင်းကို အမြဲ ငေးကြည့်ရင်း ဖြတ်သန်းနေတဲ့ တိမ်လေးတစ်စလည်း ရင်ကွဲပက် လက်နဲ့ ကြေကွဲနေတတ်တုန်းပဲ။ ညနေခင်းရယ်၊ ဆည်းဆာရယ်၊ တိမ်လေး တစ်စရယ်…။ ပြော စမ်းပါ၊ ဘယ်သူက ဘယ်သူ့ကြောင့် ကြေကွဲနေရတာလဲ။ ဆည်းဆာ ကြောင့် ညနေခင်းက ကြေကွဲရ တာလား။ ညနေခင်းကြောင့် အဖြူ ရောင် တိမ်ကလေး နာကျင်မှု အရောင်တွေ စွန်းထင်းကြေကွဲခဲ့ရ တာလား။ ဒါမှမဟုတ် ဆည်းဆာ ဟာ ကိုယ်ကိုယ်တိုင် အတွက်ရော ညနေခင်း နဲ့တိမ်တွေ အတွက်ရော ဗီလိန် တစ်ယောက်လိုမျိုး တစ်ချိန် လုံး ခံစားကြေကွဲနေ ခဲ့ရသလား … ဆိုတာ။

လေပြည်ချမ်းချမ်း

Both comments and pings are currently closed.