Beyond the Women

 ဒေါ်အေးသီတာအောင်

Signature
(Weddings & Events Planning)

ခေတ်ရဲ့ အခြေအနေအရ လူတိုင်းရဲ့ အချိန် ရှားပါးလာချိန်မှာ မင်္ဂလာပွဲ၊ အခြားသော ဧည့်ခံပွဲတွေ အတွက် အချိန်ကုန်ခံပြီး ကိုယ်တိုင် စီစဉ် ဆောင်ရွက်ခြင်းတွေ နည်း လာကြပါတယ်။ ဒီလိုအချိန်မှာ Weddings & Events Planning လုပ်ပေးတဲ့သူတွေဆီ အားကိုး လာရပါ တယ်။ အဲဒီလို Planner  တွေထဲမှာမှ Signature က မအေးသာ ဆိုတာ လူတိုင်းသိကြ ပါတယ်။ နာမည်အရင်း ဒေါ်အေးသီတာဝင်း အောင်ကို အားလုံး ကတော့ မအေးသာ လို့ပဲ ချစ်စနိုးခေါ်ကြပါတယ်။ အသက် ၂၈ နှစ် အရွယ် သာရှိသေးတဲ့ မအေးသာက မင်္ဂလာပွဲပေါင်း များစွာနဲ့ အခြားသော Events ပွဲတွေအတွက် စီစဉ်ဆောင်ရွက်ပေး ဖူးခဲ့ပါပြီ။ လူငယ်အမျိုး သမီးလေး တစ်ယောက် ရဲ့ ကြိုးစားမှုနဲ့ အလုပ် အပေါ် ထားတဲ့ ခံယူချက်တွေကို ရတီပရိသတ် တွေအတွက် တင်ပြပေးချင်တာ နဲ့ ဒီလရဲ့ Beyond the Women အဖြစ် ဖော်ပြပေးလိုက်ပါ တယ်။

Signature Wedding & Events Planning ကို ဘယ်အချိန်မှာ စပြီး လုပ်ဖြစ်ခဲ့ တာပါလဲ။ ဘာကြောင့် ဒီလို လုပ်ငန်းကို ရွေးချယ် လုပ်ကိုင်ဖြစ်ခဲ့တာပါလဲ။

Signature ကို စခဲ့တာက ၂ဝ၁၂ November မှာစခဲ့တာပါ။ အမှန်တော့ အေးသာက Signature မလုပ်ခင်မှာ Marvelous Wedding Planner & Fabric Fashion  မှာ ၂ဝ၁ဝ ကတည်းက အလုပ်ဝင်လုပ် ခဲ့တာပါ။ အဲဒီမှာ တစ်နှစ်ခွဲ အလုပ်လုပ်ခဲ့တာ။ Myanmar Times မှာ အလုပ်ခေါ်ကြော်ငြာ ကို တွေ့တော့ အဲဒီလို Wedding Planner ဆိုတာကို အရမ်းစိတ်ဝင်စား သွားတယ်။ ၂ဝ၁ဝ အချိန်မှာ အခုလို Wedding Planner ဆိုတဲ့ အလုပ်မျိုးတွေက မရှိသေး ဘူးလေ။ အေးသာက ငယ်ငယ်ကတည်းက မင်္ဂလာဆောင်ဆို အရမ်း သွားချင်ခဲ့တာ။ အဓိကက သတို့သမီး ဘာဝတ် လဲ၊ ဘယ်လိုပြင်ထားလဲ အရမ်းမြင်ဖူး ချင်တာ။ သတို့သမီးကို အရမ်း စိတ်ဝင်စားတယ်။ အမေက လည်း မင်္ဂလာဆောင် သွားရင် အေးသာကိုပဲ ခေါ်သွားတာ။ ပြီးတော့ Wedding Planner ဆိုတဲ့ ရုပ်ရှင် ကားထွက် တော့လည်း အဲဒါကို ကြည့်ပြီး ကတည်းက လုပ်ချင်ခဲ့တာ။ အဲဒါနဲ့ Marvelous က အလုပ်ကို စိတ်ဝင်စားပြီး အလုပ် သွားလျှောက်လိုက်တာ။ Marvelous မှာ တစ်နှစ်ခွဲလောက် လုပ်ပြီးမှ အခု Signature ကိုစလုပ်ခဲ့တာပါ။

ဒါဆို အေးသာရဲ့ငယ်ဘဝရည်မှန်းချက်မှာ လည်း ဒီလို အလုပ်ဖြစ်ခဲ့တာပေါ့။ ဒီလို အလုပ်မျိုး လုပ်ဖို့ကို ကိုယ့်မိဘတွေ ကရော ကြည်ဖြူ လက်ခံခဲ့ပါသလား။

အေးသာရဲ့ အဖေက အစိုးရရုံးက ဝန်ထမ်းပါ။ မောင်နှမ သုံးယောက်မှာလည်း အေးသာက အငယ်ဆုံး။ တစ်အိမ်လုံးက အနေ အေးဆေးကြတယ်။ အဖေက အေးသာ ကို လေယာဉ်မယ် လုပ်စေချင်တာ။ အေးသာကို DCA ကဖွင့်တဲ့ Cabin Crew သင်တန်း တက်ခိုင်းတော့ အေးသာ သွားတက်ပါတယ်။ ဒါပေမဲ့ အဖေက တက်ရမယ် ဆိုတော့ ကျောင်း ပြီးခါစမှာ တက်လိုက်ပေမဲ့ တကယ် စိတ်မဝင် စားလို့လားမသိဘူး။ MAI ၁၂ ယောက်ရွေးတော့ အေးသာ မပါခဲ့ဘူး။ Marvelous မှာ အလုပ် လျှောက်တော့လည်း အိမ်ကမသိဘူး။ တိတ် တိတ်လေး သွားလျှောက်ခဲ့တာ။ အလုပ်ရတော့ လည်း Salary ကို လိမ်ပြောရတယ်။ မဟုတ်ရင် အိမ်က ဒီလခ နဲ့ မလုပ်ရဘူး ဆိုပြီး တားမှာလေ။ အမေတို့ကလည်း ရှေးရိုး ဆန်ကြတယ်။ Wedding Planner ဆိုတဲ့အလုပ်မျိုး ကလည်း Dinner ပွဲတွေရှိရင် ညဥ့်နက်တတ် တယ်။ ဒီတော့ သူတို့က အိမ်ပြန်နောက်ကျရင် မကြိုက် ကြဘူး။ အိမ်နဲ့ အတိုက်အခံတွေကို အလုပ် စလုပ်ချိန်မှာ ဖြစ်ရတယ်။ ဒါပေမဲ့ အခုတော့ အေးသာကို ယုံကြည် သွားလို့လားပဲ။ အိမ်က ခွင့်ပြုပါတယ်။ အမျိုးသား ကလည်း သဘောတူ တယ်။ အေးသာ အမျိုးသားက ဆရာဝန် ဆိုတော့ ဒီလိုအလုပ်မျိုးကို အစပိုင်းမှာ သူက သဘော မတူ ချင်ဘူး။ ရည်းစားဘဝ ကတည်းကပေါ့။ အေးသာက Designer လည်းစိတ်ဝင်စားတော့ သူက Designer School တစ်ခုခုတက်ပြီး Fashion Designer လုပ်ဖို့ အကြံပြုဖူးတယ်။ ဒါပေမဲ့ အေးသာက ဒီအလုပ်ပဲ ဝါသနာပါတော့ သူလည်း ဘာမှ မပြောတော့ပါဘူး။ နောက်ကျ တာမျိုးဆို သူလိုက်စောင့်ပြီး စောင့်ရှောက်ပေး တယ်။ သူပေးနိုင်တဲ့အကြံမျိုး ဆိုလည်း အေးသာ ကို အကြံပြုတာမျိုး လုပ်ပေးပါတယ်။

Planner  လုပ်ငန်းလုပ်တဲ့ သူတွေမှာ ဘယ်လို စိတ်ရှည်ရမှုတွေနဲ့ အရည်အချင်းတွေ လိုအပ်ပါသလဲ။

 အေးသာက ဒီအလုပ်ကို တကယ် ဝါသနာ ပါပြီး နှစ်သက်လို့ လုပ်ခဲ့တာပါ။ ဒီတော့ သတို့သမီး နားမှာနေပြီး သူတို့ လိုအပ်တာ အားလုံး ဖြည့်ဆည်းပေးတယ်။ သူတို့ ဘာဖြစ် ချင်လဲ၊ ဘာလိုအပ်လဲ ဒါတွေ အားလုံးကို သူတို့ ပြောစရာ မလိုအောင် အေးသာက ဘေးက ဖြည့်ဆည်း ပေးရတာကို နှစ်သက်ပါတယ်။ အေးသာက သတို့သမီး တစ်ယောက်ရဲ့ စိတ်ကို ကိုယ်တိုင် သတို့သမီး ဖြစ်တော့ ကောင်း ကောင်း နားလည်သွားတယ်။ သတို့သမီးတွေရဲ့  Needs & Wants  တွေက တစ်ယောက် နဲ့တစ် ယောက် မထပ်ဘူး။ မတူဘူး။ တစ်ယောက်ချင်း စီမှာ ဖြစ်တဲ့ပြဿနာ အခြေခံ လေးတွေကလည်း မတူကြဘူး။ အေးသာရဲ့ ခံယူချက်မှာ ကိုယ့် Client ကဖြစ်ချင် တာဆို အားလုံးလုပ်ပေး နိုင်ရမယ်။ မဖြစ်ဘူး။ မလုပ်ပေးနိုင်ဘူး ဆိုတာ မရှိစေရဘူး။ ဖြစ်အောင် လုပ်ပေးတယ်။ အေး သာရုံးက ဝန်ထမ်းတွေကိုလည်း မှာထား တယ်။ စိတ်ရှည် ရမယ်။ သည်းခံရမယ်။ ဖြည့်ဆည်း ပေးရမယ်လို့ ပြောထားတယ်။ အဓိကကတော့ ဒီလုပ်ငန်းက တော်တော် စိတ်ရှည်ရပါတယ်။

အယူသည်းမှုတွေ၊ ရိုးရာ ယုံကြည်မှုတွေကို အလေးထားတဲ့ မြန်မာ လူမျိုးတွေရဲ့ မင်္ဂလာပွဲ တွေကို စီမံပေးရတဲ့ အတွက် ဘယ်လို အခက်အခဲ တွေနဲ့ ကြုံရတတ်ပါသလဲ။

အရင်ကဆို မင်္ဂလာပွဲမှာ ဝတ်တဲ့ အရောင် ကို အရမ်း အယူသည်းကြတယ်။ ဒါပေမဲ့ ၂ဝ၁၃ လောက် ကစပြီး အရောင်စုံ ဝတ်လာကြတယ်။ အားလုံးရဲ့ အမြင်တွေလည်း အခုဆို အရင်နဲ့ မတူဘဲ ပွင့်လာပြီ။ အမြင်တွေ ဆန်းသစ် လာတော့ လှတဲ့ အရောင်ဆို ကြိုက်ကြတယ်။ နောက်ပြီး အခု Colour Combination တွေလည်း အရမ်း Soft  ဖြစ်တယ်။ အရောင်စပ်တဲ့ ပညာ မှာ အရမ်းကောင်းလာတယ်။ အခုခေတ် လူကြီး မိဘတွေလည်း ခေတ်မီလာကြ ပါပြီ။ ဒါပေမဲ့ ရိုးရာ အရောင်ဖြစ် တဲ့ ရွှေရောင်၊ ပန်းရောင်၊ ငွေရောင်၊ ပန်းသခွား ဒီလို အရောင်တွေ ပေါ်မှာပဲ အခြေခံပြီး တခြား အရောင်လေးတွေ စပ်ကြတာပါ။ ဒါကြောင့် လူကြီးတွေ ကလည်း လက်ခံ ကြတာပါ။ ရက် ရာဇာ၊ ပြဿဒါးကတော့ အခုထိ အယူရှိပါ တယ်။ စနေ၊ တနင်္ဂနွေတောင် ပြဿဒါးဆို မဆောင်ကြဘူး။ တချို့ကျတော့ လည်းလက်မှတ်ထိုးတဲ့နေ့ နဲ့ ဆွမ်းကျွေးပဲ အဓိက ထားပြီး မင်္ဂလာဧည့်ခံပွဲ ကျတော့ ဘာ ရက်ဖြစ်ဖြစ်ဆိုပြီး လုပ်တာလည်း ရှိကြပါတယ်။ တချို့ကျတော့လည်း ဗေဒင်ဆရာပြော တဲ့ရက်၊ သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီး ကရွေးပေးတဲ့ ရက်ဒါမျိုးတွေနဲ့ လာကြတယ်။ အေးသာကိုယ် တိုင်ကတော့ မင်္ဂလာလက်မှတ် ထိုးတာကို ညနေပိုင်းမှာ လုပ်ခဲ့တာ။ များသော အားဖြင့် မနက်ပိုင်း လုပ် ကြတာလေ။ အေးသာက Outdoor လေးနဲ့ Dinner လေးဖြစ်ချင်တော့ ညနေဘက် ကိုရွေးခဲ့တာ။ ဒီလို အယူမရှိတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် အေးသာ ကတော့ သူတို့ စိတ်ကျေနပ်မှု အရှိ ဆုံး နဲ့ အပျော်ရွှင်ဆုံးဖြစ်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်။

ကြုံလာရတဲ့ အခက်အခဲတွေကိုရော ဘယ်လို ရင်ဆိုင် ဖြေရှင်းပါသလဲ။

ကြုံရတဲ့ အခက်အခဲတွေ ကတော့ အများကြီးပဲ။ တစ်ပွဲနဲ့တစ်ပွဲလည်း ကြုံရတဲ့ အခက်အခဲနဲ့ ဖြေရှင်းရတဲ့ ပြဿနာတွေက မတူပြန်ဘူး။ အေးသာ ကတော့ ကိုယ့် ဝန်ထမ်း တွေကို လည်း ပြောထားတယ်။ ပုံစံတူ အမှားထပ် မလုပ်မိစေဖို့ပါ။ ပထမ တစ်ခါဖြစ်တဲ့ အမှားက လက်ခံလို့ ရတယ်။ အဲဒီအမှားကိုပဲ ဒုတိယတစ်ခါ ထပ် မှားရင်တော့ ဒါကိုယ့်မှာ အရည်အချင်း မပြည့်မီလို့ပဲ။ တူညီတဲ့ အမှားတော့ အေးသာ က လက်မခံဘူး။ အေးသာ ကတော့ အခက်အခဲ တွေ ကြုံလာရင် အားလုံးကို ရင်ဆိုင်ပြီး ဖြေရှင်းပါတယ်။ အလုပ်လုပ်ရင်း ကြုံလာရတတ် တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ကို မကြောက် ပါဘူး။

Events  တွေကို စီစဉ်ပေးရသူ အနေနဲ့ ကိုယ့်ရဲ့ Client နဲ့ ကိုယ်နဲ့ကြားမှာ ယုံကြည်မှု က အဓိကလို့ ထင်ပါတယ်။ အစ်မအနေနဲ့ Client တွေနဲ့ ကိုယ်နဲ့ ကြားက ယုံကြည်မှု ကို ဘယ်လို တည်ဆောက်လေ့ ရှိပါသလဲ။

 အေးသာ ဒီ Signature ကို ၂ဝ၁၂ မှာ စလုပ်ခဲ့တာပါ။ အရင်က Marvelous မှာလည်း လုပ်ဖူးတော့ အေးသာကို သိပြီးသား  Client တွေရှိတယ်။ ဒီတော့ အေးသာ နဲ့ အလုပ် လုပ်ရရင် အဆင်ပြေတယ် ဆိုတာ သိပြီးသားလူတွေရော၊ တစ်ယောက် စကား တစ်ယောက် နားကနေ တစ်ဆင့် အေးသာဆီ ရောက်လာ ကြတယ်။ မအေးသာ ဆို အားလုံးသိကြတယ်။ ကိုယ်က လည်း Service ကိုလုံးဝ အပြည့်ပေးတယ်။ အေးသာ ဘက်ကနေ လိုနေတယ် ဆိုတာမျိုး မဖြစ်ရအောင် လိုအပ်တာ မှန်သမျှ ထပ်ပြီး အားစိုက်ပြီး လုပ်ပေးရတယ်။ သူတို့ စလာက တည်းက ကိုယ့်ကို ယုံကြည်လို့ လာကြတာ။ ဒီတော့ ကိုယ့်ကလည်း ကိုယ့်ဘက်က လုပ်ပေး နိုင်တာ အားလုံး လုပ်ပေး တယ်။ Events တွေ ကို ပေးရတဲ့ Service နဲ့ Wedding တွေမှာ ပေးရတဲ့ Service ကလည်း မတူပြန်ဘူး။ Wedding ကကျတော့ သတို့သား၊ သတို့သမီး နဲ့ ကိုယ်က တိုက်ရိုက်တွေ့ပြီး သူတို့ ဖြစ်ချင်တာ ဖြည့်ဆည်းပေးရုံပဲ။ ပြီးတော့ ကိုယ်ကလည်း ဝါသနာပါတော့ သတို့သမီးတွေ ရဲ့စိတ်ကို ခန့်မှန်းနိုင်တယ်။ သူတို့ လိုချင် တာ ဖြည့်ဆည်း ပေးရင်း သူတို့ပျော်တာမြင်ရင် ကိုယ်ကလည်း ပျော်တာပဲ။ Events ကကျတော့ Decision Maker က တစ်ယောက်တည်း မဟုတ်ဘူး။ Boss ၊ Director ၊ မန်နေဂျာ လိုလူတွေ အတွက်က တစ်ယောက် တစ်မျိုးစီ ပြောနေကြတာ။ ဒီနေ့ ဒီလိုဆိုပြီး အတည်ပြုပြီးပေမဲ့ နောက်နေ့ကျတော့ ဒီလို မဟုတ်တော့ဘဲ တစ် မျိုးပြောင်းချင်ပြောင်း သွားတတ်တယ်။ Proposal တွေ အရင်တင်ပြရ တယ်။ အရမ်း ရှင်းပြရတယ်။ လူမော ရတယ်။ Events စလုပ်တာလည်း ဆည်မြောင်းက လုပ် တဲ့ အာဆီယံ ဆိုင်ရာပွဲတစ်ခုကို လုပ်ပေးခဲ့ရ တယ်။ ဒီ Signature ရဲ့ အစပွဲပေါ့။ အဲဒီပွဲလုပ် ပေးဖြစ်ခဲ့တာလည်း အဲဒီထဲက တစ်ယောက်က သူတို့ရဲ့ Wedding မှာ အေးသာ လုပ်ပေးတာကို နှစ်သက်သွားလို့ အေးသာကို by name န နဲ့ခေါ်လို့ လုပ်ပေးဖြစ်ခဲ့တာ။ အခုထိ အေးသာ ဆီလာတဲ့ Events တွေက အဲဒီလို ကိုယ့်ကို သိပြီးသား လူတွေပဲ လာတာပေါ့။ ကိုယ့်ကို ယုံကြည်ပြီးလာတဲ့ လူတိုင်းကို အေးသာက အကောင်းဆုံး Service ပေးပါတယ်။ အေးသာ က လူအချင်းချင်း ပါးစပ် သတင်း စကားနဲ့ Signature ဖြစ်လာရတာကိုပဲ ဂုဏ်ယူပါ တယ်။

အခု ရန်ကုန် မှာတော့ Signature က နံပါတ်တစ် အကောင်းဆုံးလို့ ပြောနေကြပါ တယ်။ အခုလို နံပါတ်တစ် အနေအထားဖြစ် လာအောင် အစ်မက ဘယ်လို စီမံ ကြိုးစားဖြစ်ခဲ့ ပါသလဲ။

နံပါတ်တစ်တော့ မဟုတ်ပါဘူး။ အခုဆို လည်း Wedding & Events စီစဉ်ပေးနေတဲ့ သူတွေက အများကြီး ရှိလာပါပြီ။ အေးသာတို့ ကလည်း တစ်နေ့ ဘယ်နှပွဲ လက်ခံနိုင်မလဲ။ အများဆုံး ၃ ပွဲပေါ့။ ဒါတောင် ၃ ပွဲရှိတဲ့နေ့မျိုး ဆို နောက်နေ့မှာ အရမ်း ပင်ပန်းသွားရတယ်။ အေးသာက အောက်ခြေသိမ်း ကို ကိုယ်တိုင် အားလုံး လုပ်ရမှာ။ ပြီးတော့ အေးသာက Planner ဆိုပြီး ချိတ်ပေးရုံ မဟုတ်ဘူး။ ဥပမာ ဒီပွဲမှာ ပန်းလာပြင်ပေးပါ မဟုတ်ဘူး။ မိတ်ကပ် လည်း ဖုန်း နဲ့ချိတ်ပေးလိုက်ရုံ မဟုတ်ဘူး။ Designer ၊ Make up ကစ တွေဆီ ကိုယ်တိုင်လိုက် ပို့ပေးပြီး သတို့သမီး ဖြစ်ချင်တာတွေနဲ့ ဆွေးနွေး ပေးတယ်။ Floral Decoration ဆိုလည်း အရင်ဆုံးအေးသာ တို့က သတို့သား၊ သတို့သမီး နဲ့ဆွေးနွေးပြီး ပန်းဒီဇိုင်း၊ ပန်းအရောင်၊ ဘာပန်း သုံးမယ် အားလုံးပြည့်စုံ ပန်းပညာရှင်ကို ဒီလိုပန်း၊ ဒီအရောင် နဲ့ဒီလို Design  လေးလုပ်ပေးပါ၊ တပ်ပေးတာ။ တစ်ခါတလေ မှသာ သူတို့ရဲ့ ပညာရှင်အမြင်နဲ့ အေးသာရေ ဒါကတော့ ဒီလို လုပ်လို့မရဘူး။ ဒါမျိုးပြောင်းပါလား အကြံပေး လာရင် ကိုယ်က လက်ခံပေးရတယ်။ အားလုံး ကို Supplier တွေနဲ့ သေချာတွေ့ပြီး သေချာ ဆွေးနွေး ပေးတာပါ။ ဒီတော့ သူများWedding Planner Service နဲ့ အေးသာတို့ Wedding Planner Service နဲ့ မတူဘူး။ ဒါကြောင့် Clients  တွေက ကိုယ်တွေကို ယုံကြည်ကြတာပါ။ အဓိက အရေးကြီး တာတော့ Team Work ကြောင့်ပါ။ အေးသာ တစ်ယောက်တည်း ကြိုးစားလို့ မဟုတ်ပါဘူး။ အေးသာနဲ့ အတူ Team Work ရုံးက ဝန်ထမ်းတွေရော တခြား Professional တွေကအစ အားလုံး ပါဝင် အားဖြည့်ပေးကြလို့ပါ။

လုပ်ငန်း တစ်ခုအောင်မြင်ခြင်း၊ မအောင် မြင်ခြင်း ဆိုတာ ဘယ်လို အချက်တွေပေါ်မူတည် နေပါသလဲ။

 အောင်မြင်တယ် ဆိုတာ ပတ်ဝန်းကျင်က သတ်မှတ်ပါ လိမ့်မယ်။ Client တွေရဲ့ ချီးကျူး စကား၊ ဂုဏ်ပြုစကားတွေ ကနေပဲ အောင်မြင်တယ် ဆိုတာ သိနိုင် သလို Client တွေရဲ့ Complain တွေ များလာရင်တော့ ဒါလိုအပ် နေပြီ ဆိုတာ သိရမယ်ပေါ့။ ဒါကြောင့် အေးသာ က ပတ်ဝန်းကျင်က စကားတွေကို အလေးထား တယ်။ နောက်ပြီး အေးသာကို ဒီလုပ်ငန်း လုပ် ရင်းသင်ပြပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာတွေ အများကြီး ရှိပါတယ်။ အမေလင်းက အေးသာကို ပြောဖူးတယ်။ သမီးရေ အောင်မြင် အောင် ကြိုးစားရတာ မြန်တယ်။ လွယ်လည်း လွယ်တယ်။ ကိုယ်က များများ ကြိုးစားရင် မြန်မြန်အောင်မြင်မယ်တဲ့။ ဒါပေမဲ့ အဲဒီအောင် မြင်မှုကို ကြာရှည်အောင် ထိန်းဖို့တော့ ခက်သွား ပြီတဲ့။ အေးသာ အခုလို အလုပ်တွေ လုပ်နေတာWedding Planner ဆိုတာ Subject တစ်ခု အနေနဲ့ စာသင်လို့လည်း ရတာ မဟုတ်ဘူးလေ။ အေးသာကို အမြဲသင်ပေးတာ အမေလင်း (လင်းလင်း Florist) ၊ အန်တီနှင်း (ဒီဇင်ဘာ နှင်း)၊ အန်တီနီလာ (Eternal Floral) ၊ ကိုဝဏ္ဏခွာနီး (Focus Daily) သူတို့က ဝိုင်းပြီး သင်ပေး ပြောပြပေးတာတွေ နဲ့ အခုလို လုပ်နိုင်ခဲ့ တဲ့ အထိဖြစ်ခဲ့တာပါ။ အမေလင်းပြောတဲ့ စကားဆို အေးသာ အမြဲ မှတ်ထား တယ်။ အောင်မြင်မှုကို ကြာရှည်အောင် ဘယ်လို ထိန်းရမလဲဆိုတာကိုပေါ့။

Signature က စီစဉ်ပေးခဲ့ပြီး အခုအချိန် ထိကိုယ်က ကျေနပ်မှု အပြည့်အဝ ရှိနေခဲ့တဲ့ အမှတ်တရ ပွဲရှိရင်လည်း ပြောပြပါလား။

ပွဲတိုင်းမှာတော့ အမြဲ အမှတ်တရတွေ ဖြစ်တာတွေပါပဲ။ Complain တက်ခံရတဲ့ပွဲ လည်းရှိတယ်။ ကိုယ်က ပြန်အားနာ ရလောက် အောင် ကို ကျေးဇူးတင် ခံရတဲ့ပွဲလည်း ရှိတယ်။ မှတ်မှတ်ရရ ဖြစ်ရတာတော့ Marvelous မှာ  လုပ်တုန်းက နည်းနည်း စိတ်ညစ်ရတဲ့ ပွဲတစ်ပွဲ ရှိခဲ့ဖူးတယ်။ ဘယ်လောက် အထိလည်း ဆိုရင် နောက်နေ့ ကျရင်တော့ ငါ အလုပ်ထွက်ပြီး ဒီ အလုပ်ကို စွန့်လွှတ်တော့မယ် အထိ တွေးဖူး တယ်။ အဲဒီတုန်းက အေးသာနဲ့ တူတူ တွဲလုပ်တဲ့ သူငယ်ချင်းက ကိုယ့်အရင် ထွက် သွားတော့ အေးသာက မထွက်ဖြစ်ခဲ့တာ။ အဲဒီပွဲမှာ ဘယ် လောက်အထိလည်း ဆိုရင် နေရာက အဝေးကြီး ဖြစ်နေတော့ ရှန်ပိန်ပုလင်း အစို့က ကိုယ့်နဖူးကို လာမှန် တယ်။ အဆင်မပြေတာ များပြောပါ တယ်။ အဲဒီပွဲက အမှတ်တရပဲ။ နောက်တစ်ပွဲ က အခု Signature နဲ့ပွဲမှာပေါ့။ အဲဒီပွဲက မန္တလေးမှာ လုပ်တာ။ မန္တလေးက ပွဲတွေက လူ ၂ဝဝဝ၊ ၃ဝဝဝ ကျော်နဲ့ ပွဲကြီးတွေ လုပ်တတ်တယ်။ ပွဲကြီးတော့ လုပ်စရာတွေ များတာပေါ့။ အေးသာ က ကိုယ့်အလုပ် မပြီးမချင်း ထမင်းမစားဘူး။ အလုပ် မပြီးရင် ဗိုက်ကို မဆာတာ။ အဲဒီမှာ အလုပ်တွေ ပိပြီး အိပ်ရာကနေတောင် မထနိုင်ဘဲ ဖျားသွားတာလည်း အမှတ်တရ တစ်ခုပဲ။ လုံးဝ မထနိုင်တော့တာ။ အဲဒါလည်း အမှတ် တရပါပဲ။

ကိုယ်စီစဉ်ရတဲ့ ပွဲတွေကို အများနဲ့ မတူဘဲ ထူးခြား ဆန်းသစ်နေအောင် ဘယ်လို idea တွေကို ထုတ်ဖြစ်ပါသလဲ။

 အေးသာကတော့ တစ်ပွဲ နဲ့တစ်ပွဲ မတူချင် ဘူး။ ဘာလို့လဲ ဆိုတော့ ဥပမာ မင်္ဂလာပွဲတစ်ပွဲ ဆို အခုခေတ်မှာ အနည်းဆုံး သိန်းလေးငါးရာ တော့ အသာလေး ကုန်တာပဲ။ တချို့ပွဲဆို ထောင်ချီ ကုန်တာတွေတောင် ရှိတယ်။ ဒီတော့ ဒီလိုငွေတွေ အကုန်ခံရတဲ့ သူတွေအတွက် အေးသာက သူများ နဲ့မတူဘဲ ဆန်းသစ်နေအောင် အမြဲ idea ထုတ်ပေးတယ်။ သေချာ စဉ်းစားပေးတယ်။ လိုက်ရှာပေးတယ်။ တချို့က သူတို့ လိုချင်တာကို ပြောပြပေးတယ်။ ဒါကို ကိုယ့် idea နဲ့ပေါင်းပြီး ဖန်တီးပေးတယ် ။ Internet ကနေလည်း အမြဲ ရှာနေရတယ်။ ဘယ်လို အဆန်းအပြားတွေ ရှိလဲ။ ဘယ်လိုတွေ လုပ် ပေးလို့ရယ် အမြဲ   idea ထုတ်နေရတယ်။

ဒီတော့ အလုပ်တွေ လုပ်ရင်း ပင်ပန်းလာရင် ရော ဘယ်လိုပြန်ပြီး ဖြေဖျောက်လေ့ရှိပါ သလဲ။

 အေးသာက ထူးထူးခြားခြားတော့ တခြား မလုပ်ပါဘူး။ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စား တယ်။ မိသားစုနဲ့ စကားပြောပြီး ဖြေဖျောက် လိုက် တယ်။ အရင်ကတော့ Gym ကစားတယ်။ အခုတော့ မကစားဖြစ်တော့ဘူး။ အဓိက ပင်ပန်း တာတွေဖြေဖျောက် သွားစေတာကတော့ ကိုယ့် ရဲ့ Client တွေက စိတ်ကျေနပ်ပြီး ကျေးဇူးတင် ပါတယ်။ လာပြောတာက အေးသာ အတွက် ပီတိအဖြစ်ရဆုံးပါပဲ။ တစ်ခါဆိုပွဲ တစ်ပွဲအပြီးမှာ ကိုယ့်ရဲ့ Client  ဟောင်း တစ်ယောက်က အေးသာ ကိုလာပြောတယ်။ သူက အေးသာ အလုပ်ကို အားကျတယ်တဲ့။ ဘာလို့လဲ ဆိုတော့ အေးသာတို့ အလုပ်ကို မင်္ဂလာရှိအောင် သူများ တွေရဲ့ မင်္ဂလာ ကိစ္စတွေ လုပ်ပေးရတာ ကျက်သရေ ရှိတယ်တဲ့။ သူပြောတာလည်း ဟုတ်တာပဲလို့ တွေးမိတယ်။ ဒါတွေက အေးသာ ရဲ့ Stress Management တွေပါပဲ။

ကိုယ်တိုင်လည်း လူငယ် တစ်ယောက် ဖြစ်နေတော့ ကိုယ့်လို အခြား လူငယ်တွေကို ဘယ်လို စကား လက်ဆောင် မျိုးပေးချင်ပါ သလဲ။

စကားလက်ဆောင် ဆိုရင်တော့ အခု လူငယ်တွေ အားလုံးက ကြိုးစားချင်စိတ် ရှိကြ တယ်။ ဘာလို့လဲ ဆိုတော့ ခေတ်ကပြောင်းလဲ လာပြီ။ ကိုယ်ကြိုးစား မှဖြစ်တယ် ဆိုတဲ့ ခေတ် ပါ။ လူတိုင်းမှာ ကိုယ်လုပ် မှဖြစ်တယ် ဆိုတဲ့ စိတ် ရှိကြပါတယ်။ တစ်ခုပါပဲ။ အေးသာ ဆိုရင် အခု ထိ အလုပ်ကို စီးပွားရေး ဆန်ဆန် မလုပ်ဘူး။ အမြဲ  မှန်မှန် ကန်ကန်ပဲ လုပ်တယ်။ အောင်မြင်မှုကို ထိန်းသိမ်းရ ခက်တယ် ဆိုတာ လည်း အမြဲမှတ်ထားတယ်။ ကြိုးစားမှုကို ဘယ်တော့မှ မရပ်ဘဲ အမြဲ ကြိုးစား အားထုတ် နေရမယ်။ ကိုယ့်ရဲ့ ကျေးဇူးရှင်တွေလည်း ဘယ် တော့မှ မမေ့နဲ့လို့ လူငယ်တွေကို စကားလက် ဆောင်လေး မျှဝေချင်ပါတယ်။

Both comments and pings are currently closed.