ဒါ ငါတို့ခေတ်ရဲ့ လူငယ်

AD 2000 ဝန်းကျင်
ရူးသိပ်ခြင်းတွေ
လည်ပင်းဖြတ်ဆွဲ
ကတ္တရာလမ်းတွေပေါ်မှာကဲမယ် သည်းမယ် ဆွဲမယ်
စိတ်ကူးရရင် လေးဖြူရဲ့ သီချင်းတစ်ပိုင်းတစ်စ အော်ဆိုမယ်
ဒါဟာ ငါတို့ခေတ်ရဲ့ လူငယ်။

‘စီ’ခနဲ ဆိုလမ်းပေါ်က တွေ့ကရာဘူးခွံကို ကန်ပြီးသားပဲ
လက်သီးတွေက နံရံကိုထိုးဖို့ ရွယ်ပြီးသားပဲ
အရိုးခေါင်းပုံ ခါးပတ်ခေါင်းနဲ့
လာသမျှ လောကဓံကို ချွတ်ရိုက်မယ်ဆိုတဲ့အထာနဲ့
နှုတ်ခမ်းမွေးရေးရေးလေးကို သလို့
ရှိစုမဲ့စု ရင်ဘတ်မွေးတွေကို ကြွားဖို့ ရင်ဘတ်က ကြယ်သီးတွေက ဟလို့
အမေက စစ်ကြေညာပြီဆို ငါတို့ရဲ့ ခံတပ်ဟာ လက်ဖက်ရည်ဆိုင် ပဲ
လက်ဖက်ရည်ဆိုင် ဟာ ငါတို့ရဲ့ ပြန်လည် ထူထောင်ရေးစခန်းပဲ
လက်ဖက်ရည်ဆိုင်ဟာ ငါတို့ရဲ့ Social Work ပဲ
လက်ဖက်ရည်ဆိုင် ဟာ ငါတို့ရဲ့ အနုမြူဗုံးတွေ စမ်းသပ်ဖောက်ခွဲရာနေရာပဲ
လက်ဖက်ရည်ဆိုင်ဟာ ငါတို့ရဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးရာနေရာပဲ
ချိုစိမ့်တစ်ခွက် လန်ဒန် တစ်ပွဲနဲ့လည်း
ငါတို့ရဲ့ ကိုယ်ခံအားဟာ သိပ်ကောင်းခဲ့ကြတာပဲ
ခလုတ် တိုက်မိလည်း အသည်းကွဲတယ်
မျက်စောင်းလေး တစ်ချက်မိလည်း အသည်းကွဲတယ်
အလိုလိုနေရင်း ကွဲချင်နေတဲ့အသည်း
လေတိုက်လည်း ကွဲတာပဲ
အသည်း ကွဲတော့ ကဗျာတွေရေးတတ်လာတယ်
ဆေးပေါ့လိပ် ဖင်စီခံကို စုတ်ပြတ်နေအောင် တတ်လာတယ်
ညနေဆောင်းရင် လေပြိုချင် ဟန်ဆောင် တတ်လာတယ်
ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ သတ်မှတ်
ပုဆိုးကို တိုတိုဝတ်လို့
ရင်ကော့ပြီးလျှောက်တတ်လာတယ်
အတွေးတွေက မြေကြီးနဲ့နီးနီးတွေးတတ်လာတယ်
ငါတို့ခေတ်ဟာ စိုင်းထီးဆိုင် ပဲ
ငါတို့ခေတ်ဟာ ခင်မောင်တိုး ပဲ
ငါတို့ခေတ်ဟာ ဇော်ဝင်းထွဋ် ပဲ
ငါတို့ခေတ်ဟာ လေးဖြူ ပဲ
ငါတို့ခေတ်ဟာ Acid ပဲ
ငါတို့ခေတ်ဟာ Big Bag ပဲ
ငါတို့ခေတ်ဟာမောင်ချောနွယ် ပဲ
ငါတို့ခေတ်ဟာ တာရာမင်းဝေ ပဲ
ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးက သိပ်မှောင်တယ်
ဒါပေမဲ့ ငါတို့ဟာ ရင်ဘတ်ချင်း ပွတ်တိုက်ပြီး လင်းပွင့်ခဲ့ကြတယ်
အဲ့ဒါ ငါတို့ခေတ်ရဲ့ လူငယ်။

လူ့မနော

Both comments and pings are currently closed.