ကိုယ်ဖော့ပညာ

အယ်လ်နီညို လာမယ်တဲ့။
မြစ်တွေ အငွေ့ပျံသွားမှာလား။
တောအုပ်လက်ကျန်လေး ပြောင်တလင်းဖြစ်သွားမှာလား။
ကမ္ဘာကြီး ပူနွေးလာမှုလို ကုန်ဈေးနှုန်းလည်ပင်းဆိုက်လာပြီလို့ ပြောရတာလည်း
ဘယ်နှခေတ်မှန်းမသိတော့ပေမဲ့ တကယ်တော့ မနေ့ကလို နီးနီးလေးရယ်။
ဒါပေသိ.. လက်ဖက်ရည်တစ်ခွက် နှစ်ကျပ်က သုံးလေးငါးရာထိ မှုန်ပျခဲ့ပေါ့။
ကိုယ့်အသက်ကိုလှည့်ကြည့်၊ အလန့်တကြားဖြစ်ရတယ်။
ကိုယ်လက်လွှတ်ပစ်လိုက်တဲ့ အခွင့်အရေးတွေက
လက်ဖက်ရည်ခွက်ထဲ အကျနာ ယင်ကောင်တွေလို စုန်းစုန်းနစ်။
လမ်းပေါ်ထွက်လိုက်ကတည်းက အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထုပ်ထားရတယ်။
နေ့စဉ်အသုံးစာရင်းထဲက ဖုန်းဘေလ်လို ဒါကို အာဝေဏိကထဲ ထည့်လို့ရပြီ။
ဆိုင်ကယ်စီးမှ ဟဲလ်မက်လိုတာမဟုတ်ဘူး။ ကဗျာရေးရင်လည်း လိုတဲ့ခေတ်။
ဖြစ်သလို ခြေလျှင်ကြွရသူတွေအတွက်လည်း လုံခြုံရေးလေအိတ်နဲ့ ဘာနဲ့။
ကွယ်… ကန်စွန်းရွက် အရိုးမသင်ရဲတဲ့ ခေတ်ပေမဲ့
မနက်လင်းရင် မောနင်းတို့ ဟက်ပီးဘတ်ဒေးတို့ ဟန်ဆောင်ပန်ဆောင်တွေထဲ ဟန်ကျပန်ကျ။
လည်ပင်းထိ ဆိုက်ဆိုက်လာသမျှတွေပေါ်
နှာခေါင်းပေါ်ရုံလေးတော့ မဖြစ်မနေ ကြံဖန်လည်း ကိုယ်ဖော့ရတယ်။
ဖေ့ဘုတ်ဖွင့်လိုက်တော့ ကမ္ဘာကြီးကို စောင်းမှောက်ထည့်လိုက်သလို
ခပ်သေးသေးကိုယ့်ခေါင်းက Low storage space … Low storage space တဲ့။
ဘယ်အရာမှ Delete လို့ မဖြစ်သလို ဘယ်အရာမှ ထပ်မစုဆောင်းနိုင်တော့ချိန်မှာ
သုံးရာတန်လက်ဖက်ရည်ကို အသက်အောင့် သောက်ရင်း
အယ်လ်နီညိုအလာဖွဖွစောင့်တယ်။ ။

နေသစ်တည်

Both comments and pings are currently closed.