Over the Horizon

စနစ်တကျ ကြိုးစားမှုတွေနဲ့ ဘဝကို ဖြတ်သန်းလာတဲ့ အတိုင်ပင်ခံ ဆရာဝန်ကြီး ဒေါက်တာသွင်မောင်အေး

ဘဝ တစ်ခုလုံး အောင်မြင်ဖို့ အတွက် အခြေခံသော့ချက်ဟာ ကြိုးစားခြင်းပါပဲလို့ ကျွန်မတို့ အားလုံး ယုံကြည်ကြပြီးသားပါ။ ဒါပေမဲ့ စနစ်တကျ ကြိုးစားခြင်း ဆိုတဲ့ နည်းနာ တွေ ကိုတော့ မရှာဖွေဖြစ်ခဲ့ ကြပါဘူး။  ကြိုးစား ခြင်း အတတ်ပညာတွေ ကို တစ်စုံ တစ်ယောက်က များ ပြောပြခဲ့မယ် ဆိုရင် လေ့လာ သင်ယူဖို့ စိတ် ဝင်စားစရာ ဘာသာ ရပ်ဖြစ်လာမှာပါ။ ယခုလ မှာတော့ ဘဝကို အဆင့်ဆင့် ဖြတ်သန်းပြီး ထိပ်တန်း တစ်နေရာကို ရောက်ရှိလာတဲ့ ပုဂ္ဂိုလ် တစ်ဦးဟာ ဒီအကြောင်းတွေကို စာမျက်နှာပေါ် မှ တစ်ဆင့် ပြောပြလာခဲ့ပါတယ်။ သူဟာ အင်္ဂလန် နိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့မှာ ဆေးကုသမှုအတွေ့ အကြုံများစွာကို ရရှိခဲ့ပြီး အတိုင်ပင်ခံ ဆရာဝန် ကြီး အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံရဲ့ အစိုးရဆေးရုံကြီး ဖြစ်တဲ့ National University Hospital မှာ အတိုင်ပင်ခံ ဆရာ ဝန်ကြီး အဖြစ် တာဝန်ယူ လာခဲ့ပြီး တဲ့နောက် မှာ Gleneaglesl Hospital and Medical Centre မှာ အခုလက်ရှိ အတိုင်ပင်ခံ ဆရာဝန် ကြီး အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ နိုင်ငံ ရပ်ခြား မှာ ဖြတ်သန်း တွေ့ကြုံပြီး ရရှိလာတဲ့ အတွေ့အကြုံတွေကို လူငယ်တွေ အတွက် ပြန်လည် မျှဝေပေးချင်သူ တစ်ဦးဖြစ်ပြီး ယခု အခါမှာ မြန်မာ့လူထု အတွက် အကောင်းဆုံး သော ဆေးကုသ စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ တွေ့ဆုံ ခဲ့သမျှ တွေကို ယခုလ ပရိသတ်များ အတွက် ပြန် လည် ဖော်ပြလိုက်ပါတယ်။

ဒီလိုတိုင်း တစ်ပါးမှာ အတိုင်ပင်ခံ ဆရာဝန်ကြီး အဖြစ်အောင်မြင် လာစေခဲ့တဲ့ အစက ဘာများ ဖြစ်မလဲဆရာ။

ကျွန်တော် ကျောင်းပြီးသွားတဲ့ အချိန်မှာ ကျွန်တော်က မိဘတွေကို ဒုက္ခမပေးဘဲ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်ပါတယ်။ ဒီလို ကိုယ့်အရည်အချင်း နဲ့ ကိုယ့် ကံ ဥာဏ် ဝီရိယ နဲ့ပဲ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး ရပ်တည်ချင်တဲ့ ဆန္ဒနဲ့ ပြည်ပထွက်ဖို့ ကြိုးစားခဲ့တာပါ။ မိဘဆီက အထောက်အပံ့ မယူဘဲနဲ့ ရပ်တည်မယ် ဆိုတော့ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် လုံး သူလည်း အလုပ် လုပ် ကိုယ်လည်း အလုပ်လုပ် ကြိုးစားရပါတယ်။ ကျွန်တော် အင်္ဂလန်ရောက်ပြီး  clinical attachment လုပ်နေချိန်မှာ ဆိုရင် ကျွန်တော့် ဇနီးရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ ပြီးမှ ကျွန်တော် အလုပ်ဝင် ရပါတယ်။ အဲဒီလိုမျိုး ကိုယ့်ထူး ကိုယ်ချွန်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားခဲ့တာပါပဲ။

စင်ကာပူမှာ နေထိုင်တယ် ဆိုပေမဲ့ အင်္ဂလန် မှာလည်း နေထိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အင်္ဂလန်ရောက်ခဲ့တဲ့ အတွေ့ အကြုံတွေကို လူငယ်တွေကို နည်းနည်းလောက် မျှဝေပါဦး။

အင်္ဂလန်ကို ရောက်တော့ clinical attachment ဆင်းရတယ်။ PLAB visa နဲ့သွားပြီး OSCE စာမေးပွဲ ဖြေရတယ်။ အောင်တဲ့အခါမှာ အလုပ်လျှောက် လို့ရတယ်။ အဲဒီမှာ အပတ်စဉ် ကြာသပတေးနေ့မှာ BMJ (British Medical Journal) မှာ အလုပ်တွေ ကြေညာတယ်။ အဲဒီ အဆင့်ဟာ နည်းနည်းတော့ ခက်မှာပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ CV ပြင်ဆင်တာမှာ တော်တော် အရေးကြီးလို့ပါ။ မြန်မာလူမျိုးတွေက ကိုယ် တကယ် လုပ်တတ် ပေမဲ့ ကိုယ်လုပ်တတ်တာ ကိုယ် ရေး မပြတတ်ဘူး။ များသောအားဖြင့် ကျွန်တော်တို့ မြန်မာလူမျိုး တွေက ကိုယ် လုပ်ဖူးတာကိုပဲ ရေးလေ့ ရှိကြတယ်။ အမှန်တော့ JD ကိုသေချာဖတ်ပြီး ကိုယ်လုပ်နိုင် တာ ကို ရေးပြရပါတယ်။ စတာမျိုးပေါ့လေ။ အဲဒါတွေကိုတော့ လူငယ်တွေကို အကြံပေးချင် ပါတယ်။ ကိုယ်သိတာ ကိုယ်တတ်တာ ကိုလည်း အင်တာဗျူးမှာ ယုံကြည်ချက် ရှိရှိနဲ့ ပြန်ပြောပြ တတ်ဖို့လည်း လိုပါတယ်။ များသောအားဖြင့် ကျွန်တော်တို့  မြန်မာ လူမျိုးက တစ်ဖက်သားကို လေးစား တတ်တယ်။ ရိုသေမှု ရှိတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုမြင်လဲ ဆိုတော့ အဲဒီကျိုးနွံတဲ့ အမူအရာကို မရဲမဝံ့ဖြစ်နေတယ် လို့ မြင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလို့ ထင်တတ် ကြပါတယ်။ အဲဒါက သတိထားရမယ့် အချက် ပါပဲ။

အရှေ့နဲ့ အနောက် မတူညီတဲ့ နိုင်ငံရပ်ခြား နှစ်နိုင်ငံမှာ နေထိုင် ခဲ့ရတော့ ဘယ်လိုမျိုး ကွာခြားချက်တွေ ကို တွေ့ခဲ့ရပါသလဲ။

အင်္ဂလန် နဲ့ စင်ကာပူမှာ အလုပ်လုပ်ရတဲ့ အခါ ကွာခြားပါတယ်။ စင်ကာပူမှာ active learning ကို ၊ pro-active ဖြစ် တာကိုပဲ ပိုကြိုက်ကြပါတယ်။  အရင်လေ့လာခဲ့ပါ။  two way discussion ကို ပိုလိုချင်တယ်ပေါ့။ ဖိအားနည်းနည်း များတော့ stress လည်း နည်းနည်းများပါတယ်။ စင်ကာပူမှာ office hour ကလည်း ပိုများ ပါတယ်။ office hour ပြီးသွား လည်း ဆရာဝန်တွေက လူနာ အတွက် ဆေးရုံ ကနေ ဆက်သွယ် လို့ရအောင် ဖုန်းတွေ ဖွင့်ထားကြပါတယ်။ လုပ်ငန်းခွင် မှာ  သူ့ အဆင့်နဲ့ သူ အလိုက်ပါပဲ။ ဖိစီးမှု သိပ်များကြပါတယ်။

အဲဒီနှစ်နိုင်ငံ အနက် မှာမှ စင်ကာပူမှာ နေထိုင်ဖို့ ရွေးချယ် ခဲ့တာကရော ဘာကြောင့် ပါလဲ။

စင်ကာပူမှာ နေဖြစ်တယ် ဆိုတာက စတုန်း ကတည်း ကလည်း ကျွန်တော် အင်္ဂလန်မှာ ရေရှည်နေဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အင်္ဂလန် ကို စသွားကတည်းက MRCP ပြီးတာနဲ့ အတွေ့အကြုံ ယူပြီး ပြန်လာမယ် လို့ တွေးခဲ့တာ ပါ။ ဒါ ကတော့ နိုင်ငံတကာ အတွေ့အကြုံက လည်း ရသလောက် ယူရမှာကိုး။ ဒီမှာ ကြားဖြတ် ပြောချင်တာက လူငယ်တွေ ကိုလည်း အတွေ့ အကြုံ ကတော့ ရရင်ရသလို ယူပါလို့ ပြောချင်ပါ တယ်။ အဲဒီတော့ ပြောခဲ့သလို ကနဦး ရည်ရွယ် ချက် အတိုင်းဖြစ်ပြီ ဆိုတော့ ကျွန်တော် စင်ကာပူ က ကျွန်တော် အရင်လုပ်ခဲ့တဲ့ ဌာနကို ကျွန်တော် ပြန်တယ်။ NUH နဲ့ ကျွန်တော် အမြဲတမ်းလည်း အဆက်အသွယ် ရှိခဲ့တယ်လေ။ နောက်တစ်ချက် က စင်ကာပူ မှာနေရတဲ့ အဓိက အချက်တွေ ထဲမှာ စင်ကာပူမှာ က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေ အများကြီး ရှိတယ်။ အင်္ဂလန်မှာ ကတော့ ရှိပေမဲ့ သွားရ လာရတာ တစ်နေရာ နဲ့ တစ်နေရာ သိပ်ဝေးတယ်။ စင်ကာပူ ကတော့ နိုင်ငံက ကျဉ်းကျဉ်းလေး ဆိုတော့ သွားလာတဲ့ အခါ ခဏ လေးနဲ့ရောက်တယ်။ အဲဒါကလည်း စင်ကာပူ ကို ရွေးချယ် ဖြစ်ခဲ့တဲ့ အကြောင်းတွေပါပဲ။

 နောက်တစ်ချက် က စင်ကာပူက အာရှ နိုင်ငံဖြစ်တော့ ကိုယ့် ဗမာ အစားအစာကို နေရာ တကာမှာ ရနိုင်တယ်။ လူတောထဲ ဝင်သွားရင် ပတ်ဝန်းကျင် ကလည်း ကျွန်တော် တရုတ် စကား ကို မတတ်ပေမဲ့လည်း ကျွန်တော့်ကို သူတို့နိုင်ငံ သား တစ်ယောက် လိုပဲ ထင်တယ်။ ရုပ်က သိပ်မကွာဘူး ကိုး။ နိုင်ငံခြားသား တစ်ယောက် အဖြစ် သီးသန့်ကြီး ထင်ပေါ်နေတာမျိုး မရှိဘူး ပေါ့။ အာရှသား ချင်းချင်းလည်း ဖြစ်တော့ ယဉ်ကျေးမှု သိပ်မကွာလှဘူး။ နောက်ရာသီဥတု ကျတော့ စင်ကာပူမှာက ချမ်းချမ်း စီးစီးကြီးလည်း မဟုတ်တော့ ပေါ့ပေါ့ပါးပါးလေး ထွက်သွားလို့ ရပေမဲ့ အင်္ဂလန်မှာ ကျတော့ ရာသီဥတုအေးပြီ ဆိုရင် အထပ်ထပ် ဝတ်ရပြီ။ သက်သောင့် သက်သာ မရှိဘူး။ အင်္ဂလန်မှာက ရာသီဥတုက တော့ ဆောင်းတွင်း ဆိုရင် နှင်းတွေကျတယ်။ ရာသီဥတု သိပ်ဆိုးတယ်။ သွားလို့ လာလို့ မကောင်းဘူး။ အဲဒါတွေကြောင့် ကျွန်တော် စင်ကာပူမှာပဲ နေဖြစ်ခဲ့တာပါ။

အင်္ဂလန် မှာ နေခဲ့ရတုန်း ကကော ပျော်ခဲ့ရ တာတွေ မရှိခဲ့ဘူးလား။

အဲဒီလိုတော့ မဟုတ်ပါဘူး။ အင်္ဂလန်မှာ ဘဝအတွက် struggle လုပ်ရတာ ရှိပေမဲ့ ပျော်စရာတွေ လည်း ရှိပါ တယ်။ ကျွန်တော်က ဗမာပြည်မှာ ကျောင်းတွေ ပိတ်တာရယ်၊ ရန်ကုန်နဲ့ စင်ကာပူမှာ အလုပ် လုပ်ခဲ့ တာတွေ ရယ်ကို ပေါင်းလိုက်တော့ အင်္ဂလန် ကိုရောက်တဲ့ အခါ အသက် ကြီးနေပြီ။ ကလေးတွေလို ကျွန်တော့် ကို House Officer Basic Training လည်း ချပြီး သူတို့ မပေးချင်ဘူး။ ကျွန်တော် အင်္ဂလန် ရောက်တော့ MRCP part 2 က ပြီးနေပြီ၊ ဒါပေမဲ့ experience မရှိသေးတော့ Registrar အနေနဲ့ လည်း လုပ်လို့ မရသေးဘူး။ ဟိုမရောက် ဒီမရောက်ဖြစ်နေတာပေါ့။ အဲဒီလို ဆိုတော့ အခက်အခဲ က Standard Alone Post နဲ့ ခြောက်လ၊ တစ်နှစ် အလုပ်တွေ လုပ်ရ တယ်။ အလုပ် စဝင်ပြီး ၆ လလောက် ဆိုရင် နောက် အလုပ်တစ်ခု ကြိုရှာရပြီ။ အခုလို consultant လည်း မဟုတ်သေးတော့ အခြေ မကျသေးဘူးပေါ့။ ကျွန်တော် အင်္ဂလန်ကို စသွား တော့ ၂ဝဝ၄ ဇန်နဝါရီလ အလုပ် စရတယ်။ SHO (senior house officer ပေါ့) အမှန်တော့ Medical officer ပါပဲ။ တစ်နှစ်ခွဲ အလုပ် လုပ်ပြီးတော့ oxford ရောက်တော့ MRCP အောင်တယ်။ အဲဒီမှာ ကျွန်တော် က ခရီး သွားရတာပျော်တော့ ဟိုဟိုဒီဒီ လျှောက်ပြောင်းပြီး အလုပ်လုပ် နေရတာရယ် အင်တာဗျူး အတွေ့ အကြုံတွေ အများကြီး ရနေတာရယ်ကို ကျွန်တော် က ပျော် တယ်။ နေရာ အသစ်၊ အတွေ့ အကြုံ အသစ်တွေကို ရတယ်။ နောက် ကားတွေ လျှောက်မောင်း ရတာကိုလည်း ကြိုက်တယ်။ အဲဒီလို အသစ်အဆန်းတွေ ရှာဖွေ ရတာက ကျွန်တော့် အတွက် ပျော်စရာတွေပါပဲ။

အခုမြန်မာပြည်ကို ပြန်လာဖို့ ရှိတယ် လို့ သိရပါ တယ်။ အဲဒီလို ပြန်လာတဲ့ အဓိက ဦးတည်ချက် ကိုလည်း ပြောပြပါဦးဆရာ။

ကိုယ့် မြန်မာဆေးလောက ပိုကောင်းလာ အောင် ပိုတိုးတက်လာအောင် လုပ်ချင်တဲ့ ဆန္ဒနဲ့ ပြန်လာတာပါ။ လောလော ဆယ်တော့ စင်ကာပူ နဲ့မြန်မာကို သွားချည် လာချည်နေ တာ။ မိသားစု ကိစ္စတွေ ရှိနေသေးတော့ ချက်ချင်းတော့ အပြီး ပြန်လာလို့တော့ မရသေးဘူးပေါ့လေ။ လူနာ တွေကို အချိန် များများပေးပြီး စောင့်ရှောက်မှု လုပ်ပေး ဖို့ဟာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ပါပဲ။

ပြည်ပမှာ ပညာရပ်တွေ ဆည်းပူးခဲ့ရတဲ့ ဆရာ့ အနေနဲ့ လူငယ်တွေကို အဓိက ပြောချင်တာက ဘာပါလဲ။

 နောက် မျိုးဆက်သစ်တွေ အတွက် ပြောချင် တာကတော့ ဘဝမှာ အောင်လက်မှတ်တွေ ထက် အတွေ့အကြုံက ပိုပြီး အရေးကြီးပါတယ်။ အောင် လက်မှတ်ရော အတွေ့အကြုံရော နှစ်ခု စလုံးရရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ အတွေ့အကြုံရယ်  certificate ရယ်ထဲကနေ တစ်ခုခု ရွေးရမယ်ဆိုရင် အတွေ့အကြုံ ကိုပဲ ရွေးစေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တော့ certificate ဆိုတာ အဆုံးသတ် မဟုတ်ပါဘူး။ သင်ကြားမှု ပြီးမြောက်တာကို အသိအမှတ်ပြုတာပါ။ အတွေ့ အကြုံ ကနေ သင်ယူဖို့ အစပဲရှိပါသေးတယ်။ တကယ်က ကမ္ဘာပေါ် မှာလည်း တကယ်အောင်မြင်နေတဲ့ သူတွေ တော်တော် များများဟာ  experience based ကို အခြေခံပြီး အောင်မြင်လာတာသူတွေ များပါတယ်။

အရင်ကတည်းက ဖြစ်တတ်လေ့ရှိတဲ့ လူကြီးနဲ့ လူငယ်ကြားထဲက ကွာဟချက်တွေ ကိုရော ဘယ်လိုနည်း နဲ့ ရင်ဆိုင်ရမယ်လို့ မြင်ပါသလဲ။

လူကြီးလူငယ် မှန်သမျှမှာ ရည်မှန်းချက်၊ ရည်ရွယ်ချက် တစ်ခုတည်း ထားပြီး ကိုယ်ပိုင် အတ္တတွေကို ဖယ်ပြီးတော့ တူညီကြမယ်၊  ပူးပေါင်း အလုပ်လုပ်ကြမယ် ဆိုရင် အဆင်ပြေပါ လိမ့်မယ်။ ကျွန်တော်က ဆရာဝန် ဆိုတော့ ဆရာဝန်စကား နဲ့ပြောရရင် ကျန်းမာရေးစောင့် ရှောက်မှု အကောင်းဆုံး ဖြစ်လာဖို့၊ ပြည်သူတွေ ကို ကိုယ့် လူနာတွေကို အကောင်းဆုံးသော ဝန်ဆောင်မှု၊ စောင့်ရှောက်မှု လုပ်ပေးနိုင်မယ် ဆိုပြီး တွေးထားရင်၊ ပူးပေါင်းပြီး လည်း ဆောင် ရွက်ကြမယ် ဆိုရင် အဖြေတွေရှိ လာမယ်။ ဒီလို ကိုယ့်နိုင်ငံထဲက လူတွေကို ကမ္ဘာမှာလို တန်းတူ အကောင်းဆုံး လုပ်ပေးနိုင်မလား ဆိုတဲ့ မျှော်မှန်း ချက်မျိုးနဲ့ ဒီရည်ရွယ်ချက် တစ်ခုတည်း ထားပြီး တက်ညီ လက်ညီ အလုပ်လုပ်ကြမယ်ဆိုရင် ရှေ့ကရှိနှင့်ပြီး လူကြီးတွေနဲ့ နောက် တက်လာ မယ့် လူငယ်တွေ ကြားမှာ ပြဿနာရယ်၊ ကွာဟ ချက်ရယ်လို့ ရှိမှာ မဟုတ်ပါဘူး။

အခုခေတ် ကလေးတွေ ရဲ့ ပညာရေး ရွေးချယ်မှု မိဘတွေ နဲ့ သူတို့ကြား ရွေးချယ်မှု ကိုရော ဘယ်လို မြင်ပါသလဲ။

ကလေးတွေ ရဲ့ decision လုပ်တဲ့အရွယ် ဟာ ဘယ်အရွယ် လဲ ဆိုတာကို ကြည့်ဖို့ အရေး ကြီးပါတယ်။ အခုဆို ကျွန်တော့် သမီးလေးက ငယ်သေးတယ် ဒါပေမဲ့ သူဆရာဝန် မလုပ်ဘူးလို့ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာဝန် ဘဝ ပင်ပန်းတာကို မြင်နေလို့လည်း ပါမှာပေါ့။ ဆရာဝန် ဆိုတာ investment လုပ်ရတာ များတာကိုး။ on call တွေ ဆင်းနေရတယ်။ အတိုင်ပင်ခံ ဆရာဝန်ကြီး ဆိုတာ ဖြစ်လာပြီး အခုထိ စာတွေကို ဖတ်နေရပါတယ်။ အဲဒီတော့ ကလေးဟာ ဘယ်အရွယ် မှာ decision making လုပ်ရမလဲ ဆိုတာ ကိုတော့ စောင့်ကြည့် သင့်တာပေါ့။ အတွေ့ အကြုံတွေ ကို ဖြတ်သန်းဖူး ပြီး အတွေ့အကြုံ ရှိထားပြီး သားဖြစ်တဲ့ မိဘ လူကြီးတွေ ကတော့ အကြံဥာဏ်ပေး တဲ့ အနေနဲ့ guide တော့ လုပ်ပေးသင့်တာပေါ့။ မိဘတွေက ကလေးတွေရဲ့ ဆုံးဖြတ်ချက် မှာ စွက်ဖက်တယ် ဆိုတာမျိုး မဟုတ်ဘဲ မှန်ကန်ဖို့အတွက် ပံ့ပိုး ပေးတာမျိုးတော့ လုပ်ပေး ရမှာပေါ့။ ကလေးက ဆရာဝန် မလုပ်ချင်တာကို အတင်း လုပ်ရမယ် ဆိုတာမျိုး ခိုင်းရင် သူအောင်မြင်ချင်မှ အောင် မြင်မှာပေါ့။ ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ တကယ်လို့ ကလေး က ဘာလုပ်ရမှန်းမသိဖြစ် နေတာမျိုး ဆိုရင်တော့ သေချာ guide လုပ်ပေး ပြီး ဆုံးဖြတ်စေတာမျိုး လုပ်ဖို့ လိုအပ် ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ဆိုရင် မိဘတွေက ပံ့ပိုးပေး သင့်ပါ တယ်။ ဒီလိုမျိုး ဆုံးဖြတ်ချက် ချနိုင်တဲ့ အခြေအနေမျိုး မရောက်သေးဘူး ဆိုရင် မိဘ တွေ အနေနဲ့ အခြေအနေတွေ သူတို့ ရနိုင်မယ့် အခွင့် အရေးတွေ ကို ရှင်းပြပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှု လုပ်နိုင်ဖို့ အတွက် လမ်းညွှန် ပေး ရပါမယ်။
ရွေးချယ်စရာ အခွင့်အလမ်းတွေ ကျတော့ နိုင်ငံခြားမှာ အများကြီး ရှိတယ်ပေါ့လေ။ မြန်မာ နိုင်ငံမှာ ကတော့ ကျွန်တော် တို့ခေတ်က ဆိုရင်  လူကြိုက်များပြီး ရွေးချယ်ချင်ကြတဲ့ professional လိုင်းဆို ဆရာဝန်၊ အင်ဂျင်နီယာ လောက်ပဲ ရှိခဲ့တာ။ ကျွန်တော်က ဆယ် တန်း အောင်တော့ the whole Burma fourth ပါ။ အဲဒီတုန်း က အမှန်တော့ ကျွန်တော် physics တက်ချင်ခဲ့တာ။ ဒါပေမဲ့ ဆရာဝန် ဖြစ်လာခဲ့တာ က  အဲဒီ အချိန်တုန်း က ကျွန်တော့်မိဘတွေက တက္ကသိုလ်က ပါမောက္ခတွေ ဆိုတော့ သူတို့ အကူညီနဲ့ ကျွန်တော် ဌာနပေါင်းစုံ ကို အကုန်လုံး လျှောက်ကြည့်ပြီး လေ့လာဖို့ အခွင့်အရေး ရခဲ့တယ်။ ဆေးတက္ကသိုလ် တက်မယ်လို့ မဆုံး ဖြတ်ခင်မှာ ကျွန်တော် စိတ်ဝင်စားတဲ့ ပညာရပ်နဲ့ လူကြိုက် များတဲ့ လိုင်းတွေကို လေ့လာခွင့် ရခဲ့ပါ တယ်။  အဲဒီလိုနဲ့ ကျွန်တော် သေချာ လေ့လာပြီးမှ ဆေးကျောင်းကို ရွေးချယ် တက်ဖြစ်ခဲ့တယ်ပေါ့။ တစ်နေ့ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် မျှော်လင့်လို့ ရနိုင်မယ့် လိုင်းဖြစ်မယ် ဆိုပြီး ဒီဆေးကျောင်းကို တက်ခဲ့တာပါ။ အဲဒီတော့ ကျွန်တော် ဘာ မလုပ်လိုက်ရ လို့ ဆိုတဲ့နောင်တ တွေ မရှိဘူး။ ကိုယ် ကြိုးစားရမယ့် လိုင်းမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ တယ်။ ပြောချင်တာ ကတော့ သေချာဆုံးဖြတ်ဖို့ အတွက် ဒီလိုမျိုး လေ့လာ ဆန်းစစ်ဖို့တော့ လိုပါတယ်။ အခွင့်အရေး အနေနဲ့ကတော့ မိဘတတ်နိုင်တယ် မတတ်နိုင်ဘူး ဆိုတာတော့ ရှိပါတယ်။ ဒါပေမဲ့ လူငယ်တွေ သူတို့ လုပ်ချင်တဲ့ ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ အားပေးဖို့လို ပါတယ်။

မြန်မာပြည်တွင်း က လူငယ်တွေ ကိုရော သူတို့ အနာဂတ် အတွက် ဘယ်လို ပြင်ဆင်ထားဖို့ အကြံပေး ချင်ပါသလဲ။

လူတွေရဲ့ mindset က အရေးကြီးပါတယ်။ တကယ်တော့ quantity ထက် quality ကိုပိုပြီး အလေးထား သင့်ပါ တယ်။ experience က quality ပါ ၊ certificate ကတော့ quantity ပါပဲ။ အရည်အတွက် ထက် အရည်အသွေး ကိုပဲ စဉ်းစားသင့်ပါတယ်။ ကျွန်တော် တစ်ခု ဥပမာ ပြောပြရရင် NUS (National University Singapore) က တစ်ကမ္ဘာလုံး မှာ အဆင့် နံပါတ် ၂ဝ မှာရှိတဲ့ တက္ကသိုလ်ပါ။ အဲဒီ တက္ကသိုလ် ရဲ့ အကြီးအကဲ တစ်ဦးဆိုရင် MRCP မဟုတ်ပါဘူး။ သူက local M.Sc ပါ။ ဟိုအရင်က တည်းက ရထားတဲ့ M.Sc  ပေါ့။ အခုနောက်ပိုင်း မှာ မြန်မာနိုင်ငံ တွင်းမှ လည်း M.Sc  ရော MRCP ရော ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အရည်အသွေး ကို ပိုပြီး အလေးထားဖို့ အရေးကြီး ပါတယ်။ အခု နိုင်ငံခြား သွားစရာမလိုဘဲ MRCP ဖြေလို့ ရနေပါပြီ။ ဒီလို အခွင့်အရေးတွေ ရလာတာနဲ့ အတူ ကိုယ့်ဘက် ကလည်း အရည်အချင်းကို အမြဲတမ်း မြှင့်တင်နေဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် စာမေးပွဲတွေ လည်း အောင် အောင်ကြိုးစားပါ။ ဒါပေမဲ့ အတွေ့အကြုံလည်း ရအောင် ကြိုးစားပါလို့။

အခွင့်အရေးတွေကို အမြဲတမ်း လိုအပ်နေတဲ့ လူငယ်တွေ အတွက် အောင်မြင်ဖို့ လမ်းစကို ဘယ်လို ရှာရမယ်လို့ ထင်ပါသလဲ။

ငါ့မှာ မျှော်လင့်ချက် မရှိဘူးဆိုပြီး ရေစုန် မျှောလို့တော့ မရဘူး။ အဝေးသင်ပဲ တက်တက်၊ သင်္ချာပဲဖြစ်ဖြစ်၊ မြန်မာစာ ပဲဖြစ်ဖြစ် ဘာကိုပဲ လုပ်လုပ် တိုင်းပြည် အခြေ အနေကြောင့် အခွင့် အရေး ရှိတာ မရှိတာ ခဏထားပြီး ကိုယ့်တာဝန် ကတော့ ကိုယ်လုပ်နေတာကို အကောင်းဆုံးဖြစ် အောင် လုပ်ဖို့ လိုပါတယ်။ ဒီအတွက် လူငယ် တွေကို ဖြစ်စေချင်တာ Open minded  ဖြစ်ရ မယ်။ အမြင်ကျယ်ဖို့ လိုပါတယ်။ နောက်တစ်ချက် က motivation ရှိနေဖို့လိုတယ်။ ငါလုပ်နိုင် တယ် လို့ တွေးရမယ်။ ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက် (perseverance) ဆိုသလိုပဲ မဖြစ် မနေ ကြိုးစားဖို့ လိုပါတယ်။ နောက် ကိုယ့်ဘာသာ ရပ်နဲ့ဆိုင်တဲ့၊ ကိုယ် လုပ်နေတဲ့ အလုပ်မှာ အသိ ပညာ ဗဟုသုတတွေ ကိုတော့ ခေတ်နဲ့အညီ ရှိနေအောင် ကြိုးစားသင့်တယ်။ စာဖတ်ပြီး လေ့လာနေတာတွေ အပြင် လုပ်ငန်းခွင်အတွေ့ အကြုံတွေ အပေါ် အခြေခံပြီး ပြဿနာတွေကို လည်း ဖြေရှင်းတတ်ဖို့ အတွက် (Problem based learning) လေ့လာသင့်တယ်။ နောက် ပြီး သတိထား လိုက်နာသင့်တဲ့ အထဲမှာ ကျင့်ဝတ် (Ethics)  လည်း ပါပါတယ်။ ကျင့်ဝတ်ကတော့ နေရာတိုင်းမှာ ရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ကျင်လည်နေရာ အသိုင်းအဝိုင်းမှာ လိုက်နာ ထိန်းသိမ်းရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။

တကယ် အောင်မြင်ချင်တယ် ဆိုရင် ကိုယ့် သက်ဆိုင်ရာ လုပ်ငန်းအပေါ်မှာ လည်း ကျွမ်း ကျင်မှုရှိပြီး ကိုယ့်အလုပ်မှာ ကျင့်ကြံ အားထုတ် ရမယ့် ကျင့်ဝတ် အတိုင်းလည်း ကျင့်ကြံ အားထုတ် ဖို့ (Professionalism) လည်း လိုပါတယ်။  ဒါ့အပြင် ဘယ်အလုပ်မဆို ကိုယ်တစ်ယောက် တည်းနဲ့လည်း မပြီးပါဘူး။ ပူးပေါင်း ဆောင်ရွက် မှုက အရေး ကြီးပါတယ်။ ကိုယ့် အသိုင်းအဝိုင်းက လူတွေနဲ့လည်း အဆင်ပြေချောမွေ့နေ ဖို့လည်း (Teamwork and communication) လိုအပ် လို့ အကြံပေးချ င်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဘာပဲ လုပ်လုပ် လုပ်ခဲ့တဲ့ အလုပ်တွေကို ပြန်လည် သုံးသပ်ပြီးတော့ တိုးတက်ဖို့ အမြဲကြိုး စားနေရမယ်။ ကျွန်တော်တို့ဟာ အတွေ့ အကြုံ ပေါ် ပြန်လည် သုံးသပ်ရာကနေ ရလာတဲ့ အဖြေ ပေါ်မှာ မူတည်ပြီး ပို တိုးတက်ကောင်းမွန်လာ အောင် ကြိုးစားဖို့လည်း လိုပါတယ်။ ဒါကို Self reflection လို့ ခေါ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက် ကတော့ တာဝန်ယူမှု (responsibility) ပါပဲ။ သက်ဆိုင်ရာ အဆင့် အလိုက် ယူရမယ့် တာဝန်တွေကို သိရမယ်။ လူတိုင်းဟာ ကိုယ် ရပ်တည်နေတဲ့ ကိုယ့်နေရာ ကိုယ့်အဆင့်မှာ ကိုယ်ယူရမယ့် တာဝန်ကို သိလည်း သိရမယ် လေးလေးစားစား နဲ့လည်း တာဝန်ယူတတ်ရမယ်။

ဒါတွေ အားလုံးကို ကြိုးစားနေဖို့ လိုပါတယ်။ အခွင့်အရေး ရဖို့ကို ထိုင်စောင့်မနေပါနဲ့။ ဒီလို နည်းနဲ့ ကြိုးစားပြီး ကိုယ်တိုင်ပဲ အခွင့်အရေးကို ရအောင် ရှာပြီး တိုးတက်အောင် ကြိုးစားကြပါ လို့ ပြောချင်ပါတယ်။

Both comments and pings are currently closed.