ပျော်ခဲ့ဖူးသည်

(၁)
အကယ်၍…
အကယ်၍များပေါ့။

မရောက်တာ ကြာလှပြီ ဖြစ် သည့် စက်ရုံမြို့ကလေးသို့ သွားရန် သည်နေ့မနက် ကျွန်တော် အိမ်က ထွက်အလာ သူမ နဲ့လမ်းမှာ မဆုံ ဖြစ်ခဲ့ကြလျှင်ပေါ့။ သည်လိုသာ ဆို လျှင် သည် အကြောင်းတွေကို ကျွန်တော်ပြန်စဉ်းစားမိမှာ မဟုတ်ပါ။

ကျွန်တော်က အပြင်သိပ် ထွက်လေ့ရှိသူ မဟုတ်သည့် အတွက် သူမနှင့် အခုလို ဆုံဖြစ် ခဲလှသည်။ တစ်ခါ တစ်ရံတော့ ဧည့်သည်ကို လက်ဖက်ရည်လိုက် တိုက်ရင်း လက်ဖက်ရည်ဆိုင် မှာ သူနှင့် မလှမ်းမကမ်းမှ စားပွဲ တစ်ခု တွင်ထိုင်မိတတ်ပါသည်။

တစ်ယောက်ကို တစ်ယောက် သတိ မထားမိဘဲ စာအုပ်ဆိုင်ထဲ မှာ တစ်နေရာစီရပ်ရင်း စာအုပ် တွေကို လှန်လှောရှာဖွေ ဖတ်ရှု နေမိလျက်သား ဖြစ်နေကြတာကို လည်း ကြုံဖူး၏။

အဲသည်လို ဖြစ်တောင့်ဖြစ်ခဲ ကြုံမိကြပြီဆိုလျှင်လည်း ခဏ လောက် ဣနြေ္ဒ မပျက် ဆက်နေ၍ ကျွန်တော်ကပင် စတင် ထွက်ခွာ လာခဲ့မြဲ၊ သူနှင့်ပတ်သက်၍ အရာရာကို ဆုံးရှုံး ခဲ့ရပြီးနောက် နောက်ထပ် ဆုံးရှုံးစရာဆို၍လည်း ဘာတစ်ခုမှ ကျွန်တော့်မှာ မကျန် တော့ပါ။ ကျွန်တော့် အတွက်တော့ သူကဝမ်းနည်းခြင်း အမှတ်အသား တစ်ခုပေပဲ။

ထိုဝမ်းနည်းစရာ အဖြစ်တွေ ကလည်း သည်လမ်းပေါ် မှာပင် အစပြုခဲ့တာဖြစ်သည်။ သည့် နောက်တော့ သည်လမ်းကို သွားဖို့ ကြုံရတိုင်း ကိုယ်က သတိမရချင် ပေမဲ့ သည် အကြောင်းတွေက အတွေးထဲမှာ အမြဲပေါ်လာတတ် ၏။ ဤသို့ဖြင့် ကြိုးစားပြီး မေ့ရင်း က နောက်ပိုင်း ကျတော့ သည် ဘက်ကိုလည်း သိပ်မရောက်ဖြစ် တော့။ တစ်ခါ တလေ လမ်းကြုံ၍ ရောက်သွားသည့်တိုင် ဖြစ်ခဲ့တာ တွေကို သိပ် သတိမရတော့ပါ။ အချိန်က ကုစားသွားတာဖြစ်မည် ထင်၏။

မနက်ကတော့ သူမနှင့် တွေ့သည်။ တွေ့သည် ဆိုတာက ကိုယ့်လမ်းကိုယ်သွားကြရင်း မတော်တဆ မျက်နှာချင်းဆိုင်မိ ကြတာမျိုးလောက် သာပင်။ ဒါပေမဲ့ သည်ခရီးကို အသွား မှာမှတိုက် တိုက်ဆိုင်ဆိုင် သူ့ကိုတွေ့မြင်လိုက် ရတော့ မေ့ထားသော အကြောင်း အရာတွေက အရင်နှစ်ရက် လောက်ကမှ ဖြစ်ပျက်ခဲ့တာတွေ လို စိတ်ထဲမှာ အကုန်ပြန်ပေါ်လာ ကြလေသည်။

အဲသည်နေ့တုန်း ကလည်း ခုလိုပါပဲ။ မနက်ပိုင်းမှာ သူနှင့်တွေ့ သည်။ ပြီးတော့ သည်လမ်း အတိုင်း တစ်ခု သွားမည့် စက်ရုံမြို့လေး ဆီထွက် ခဲ့သည်။ လေတွေ တိုက် နေတာကလည်း ခုလိုပင်။ ကျွန် တော်က တိုက်ခတ်နေသော လေ ဆန်မှာ စက်ဘီးကလေးနင်းသွား သည်။ ဒါတွေကို လျှောက် စဉ်း စားရင်း တစ်ခါတုန်းက ကျွန် တော်ပျော်ခဲ့ဖူးသည် ဆိုတာကိုပါ ထူးဆန်းစွာ ကျွန်တော်ပြန်သတိရ  သွား၏။ အဲသည်တုန်းက ကျွန်တော်ပျော်နေသည်။

သူနှင့်ပတ်သက်ပြီး ပျော်ရွှင် ခဲ့ရသောနေ့ဆို၍ ထိုနေ့တစ်နေ့ တည်းသာရှိခဲ့ပေသည်။ အဲသည် နေ့ကိုတောင် ကျွန်တော် မေ့နေပါ ရောလား။ ထိုနေ့က ကျွန်တော်သူ့ကို လက်ထပ်ခွင့် တောင်းခဲ့သည်။ သူက လက်ခံခဲ့ သည်။ ပြီးတော့ ကျွန်တော်ပြိုင် စက်ဘီးလေးကိုနင်း၍ သီချင်းတွေ အော်ဆိုကာ ကျွန်တော်တို့နှစ်ဖက် လုံးမှ ဆွေမျိုး များရှိ ရာ ယခုသွား မည့် စက်ရုံမြို့ကလေးသို့ ပျော်ရွှင် စွာသွားခဲ့သည်။ လမ်းခရီးတစ် လျှောက် မြင်မြင်သမျှ အရာအား လုံးလှပနေကြသည်။

ဒါပေမဲ့ ထိုပျော်ရွှင်ရသော အချိန်လေးက တစ်ရက်သာ ကြာခဲ့ ပေသည်။ ခုတော့ နောက်ပိုင်းမှာ ကြုံတွေ့ရသော ရှက်ရွံ့ဝမ်းနည်း ဖွယ် အကြောင်းအရာတွေ ကို မေ့ ပျောက် ပစ်ဖို့ ကြိုးစားရင်းအဲသည် ပျော်စရာနေ့လေးကိုပါမေ့သွားပြီ ပေါ့။ သနားစရာ ကောင်းလိုက်တဲ့ လူ။ ဒါတောင်သည်နေ့ စက်ရုံမြို့ လေးသို့ အသွားမှာ သူ့ ကိုတွေ့  လိုက်ရလို့ ဒါကိုပြန်ပြီး သတိရလာ တာ။ အဲသည်လိုများ မဟုတ်ရင် ….

ဘာပဲဖြစ်ဖြစ်..အခု အဲ သည် အပျော်တချို့ကျွန်တော့် ရင်ထဲ ကူးစက်ရောက်ရှိလာပါ သည်။ ကျွန်တော်ပျော်သွား သည်။

ခုနက သူ့မျက်နှာကို သေသေ ချာချာ ကြည့်လိုက်ရလျှင် အကောင်း သားဟု နှမြော တသစွာ အောက်မေ့မိသည်။ ယခု အချိန်မှာ သူကော ပျော်ရွှင်နေရဲ့လားဟု သိချင်၍ဖြစ် သည်။ ဒါပေမဲ့ လူချင်း အရှောင်လိုက် ဖျတ်ခနဲမြင် လိုက်ရသလောက်မှာတော့ သိပ်ပြီး ပျော်ရွှင်နေပုံ မရပါ။ အကြောင်း တစ်ခုခုရှိ၍လား။ ဒါမှ မဟုတ် ကျောင်းနောက် ကျနေ၍လား။ သူမက ကျောင်းဆရာမ တစ်ဦးဖြစ် သည်။ အချိန်ကို ကြည့်လိုက်တော့ ဖြစ်နိုင်နေသည်။ ကျောင်းဝတ်စုံ လည်း ဝတ်ထားသည်ပဲ။ ဒါပေမဲ့ ထိုထက် ပို၍ရေးကြီးသုတ်ပျာနိုင် သလိုလို။ ကျွန်တော်ကပင် ထင်နေမိ၍လား မပြောတတ်ပါ။

ဟိုတုန်းကတော့ သူက အလွန်ပျော်တတ်၊ စတတ်၊ နောက် တတ်သူဖြစ်သည်။ သူ့ကိုချစ်မိပြီး သူက ပြန်မချစ်မှာ စိုး၍ စိတ်ပူပန် ထိတ်လန့်နေ ရသည့် အခြေအနေ မျိုးမှာပင် သူနှင့်တွေ့သော အချိန်များမှာတော့ ရယ်မောရပါ သေးသည်။ နောက်တော့ပျော်ရွှင် ရသော နေ့တစ်နေ့သို့ ရောက်လာ ခဲ့ပါ၏။

ထိုအချိန်က ရှိနေခဲ့သော ကျွန်တော်ပုံ ဟန်ပန်သွင်ပြင်ကို ယခု တောင်ပြန်လည် မြင်ယောင်မိ ပါသေးသည်။ ပြိုင်ဘီးလေးကို အား ကြိုးမာန်တက်နင်း သွားရင်း ” ချစ်တစ် သက်ပန်ရွယ်” သီချင်းကို သီဆိုသွားသူ၊ သွက်လက်တက် ကြွ သော လူရွယ်တစ်ဦး။ အယ်မေ ဇွန်ဂရင်း ငွေရောင်ပြိုင်စက်ဘီး လေးနှင့်။

အခုတော့ အဲသည် ပြိုင်စက် ဘီးလေးလည်း မရှိတော့ပါ။ အဟောင်း ပုံထဲရောက်သွားပြီ။ စက်ဘီးက ကောင်းသေးလျှင် တောင် လူက စက်ဘီးမနင်းနိုင် တော့။ ထို့ကြောင့် သွားလိုရာကို မော်တော် ဆိုင်ကယ်ဖြင့်သာ သွား လာနေရလေသည်။ ယခုစီးလာတာ ကလည်း ဆိုင်ကယ်ပင်ဖြစ်ပါ၏။ စက်ဘီး ကလေးဖြင့် မဟုတ်သော် လည်း ထိုအချိန်တွေကို လွမ်းမိ သဖြင့် ”ချစ်တစ်သက်ပန်ရွယ်” သီချင်းကိုတော့ ဟိုတုန်းကလို ဆိုကြည့်မိသည်။

”စာကဗျာတွေရယ်… ရေးဖွဲ့ရည်ညွှန်းခဲ့ပါတယ်…

တစ်ရွာသူမေရယ်…ချစ်ခွန်းလေးတွေ…

  စေညွှန်းရင်းကွယ်… ဖွင့်ဟလို့ဖြင့် ပြောမယ်…

စိတ်ပါလက်ပါ သီဆိုလိုက် ခြင်းဖြစ်သော်လည်း ထွက်လာ သည့် အသံက သာယာနာပျော် ဖွယ်မရှိ။ ကိုယ့် ဘာသာကိုယ် တောင်နားထောင်၍ မကောင်း တော့ပါ။ သီချင်း မဆို တာကလည်း သူနှင့် ဝေးသွား ကတည်းကပင်။ သည်တော့ ဘယ်လို လုပ်ပြီးကောင်း နိုင်ပါတော့မလဲ။ သီချင်းဆိုတာကို ကျွန်တော် ရပ်လိုက်သည်။ ဘာ ကို နှမြော မိတာမှန်းလည်း မသိဘဲနှင့် ကျွန်တော် စိတ်မကောင်းဖြစ်သွား ၏။ ဒါပေမဲ့ ထားလိုက်ပါတော့”

မြစ်ဖြတ်ကူးသော တံတားကြီး ပေါ်တက်သည့် လမ်းသို့ ဆိုင်ကယ် ကိုချိုးကွေ့လိုက်သည်။ အတော် ကလေးမောင်း လာပြီး အထက်ကို စတက်ရန် အရှိန်တင် လိုက်စဉ် ကျမှ ဆိုင်ကယ်က ခါရမ်း သွားလေသည်။ ဘီးပေါက် သွားသောကြောင့် ဖြစ် ၏။ ဓာတ်တိုင် တစ်ခန်းစာလောက် ပြန်တွန်းလာပြီး ဖာခိုင်းရသည်။

အလုပ်သမားလေး က ဖွင့်ကြည့်ပြီး ”ဖာလို့မရတော့ဘူး။ ကျွတ်အသစ် လဲရတော့မယ်”ဟု ပြောသည်။ ”လဲပေါ့ကွာ” ဟုပြော လိုက်တော့လည်း ”ဒီမှာ ကုန်နေ လို့ ဆိုင်ကို သွားဝယ်ရဦးမှာဟု ပြောပြန်၏။ ကျွန်တော်ဘာမှ မတတ်နိုင်။

”ကဲ..ကဲ..လုပ်ပါ။ လုပ်ပါ။

ဘီးဖာသည့်ဆိုင်နှင့် ခပ်လှမ်း လှမ်း၊ နေရိပ်ရှိရာနှင့် သနပ်ပင် အခြေမှာ ကျွန်တော်ထိုင်ချလိုက် သည်။

 လေက အဆက်မပြတ်တိုက် နေသည်။ အနောက်တောင်ရာသီ လေတွေပင်။ မြေပြင်ပေါ်တွင် ဖုန်တွေ သဲတွေမရှိ။ ပြောင်နေသည့် မြေသားတွေတောင် ပဲ့ပါသွားကြ သည်။ အသီး မှည့်တွေနှင့် သနပ် ပင်ကိုင်းဖျားတွေ လေထဲမှာ ခါရမ်း နေကြသည်ကို မော့ကြည့်ရင်း ဝမ်းနည်းဖွယ်နေ့တစ်နေ့ကို သတိ ရသွားပြန်၏။ တံတားဘက်ဆီသို့ ကျွန်တော်ငေးကြည့်မိသည်။ နေပူ ထဲတွင် တံတားအတက်လမ်းက အရိပ်ကျိုးတိုးကျဲတဲနှင့် အပေါ်ကို ကွေ့တက်သွားလေသည်။

”ဘုရား…ဘုရား…။

တစ်ခါတုန်းကသည်လမ်းကို  ကျွန်တော်လျှောက်ခဲ့ဖူးပါလား”

ပျော်ရွှင်ခဲ့ရသော နေ့၏ နောက်နေ့၏ သူမက ကျွန်တော့် အိမ်ကိုလာ၍ ပထမနေ့တုန်းက မှားယွင်းပေး ခဲ့မိသော ပျော်ရွှင်မှု တွေအားလုံးကို ကျွန်တော့် ထံမှ ပြန်ယူ သွားခဲ့လေသည်။ မဖော်ပြ နိုင်သော အကြောင်းတွေကြောင့် ကျွန်တော့်ကို လက်ထပ်ဖို့ မဖြစ်နိုင်တော့ပါ…တဲ့။

သူပြန်ထွက်သွားတော့ ဟာ လာဟင်းလင်းရက်ဖြင့် အိမ်ဝင်း ပေါက်ဝမှာ ရပ်လျက်သားကျန်ခဲ့ သည်။ သို့သော် ကြာကြာတော့ လည်း မရပ်နိုင်။ ထို့ကြောင့် ဦးတည် ရာ မရှိဘဲနှင့် အိမ်မှ ထွက် ခွာလာခဲ့မိသည်။ ဘယ်သူနှင့်မှ ရင်မဆိုင်ရသေးမီ အခြေအနေကို ကိုယ်တိုင် နားလည်အောင် ကြိုးစား နေရ၏။ လောလောဆယ် ခံစားနေ ရသည့် ကြေကွဲဝမ်းနည်းဖွယ်ရာ များကို အသာထား၍ ဆွေမျိုး မိတ် သင်္ဂဟတွေကို မျက်နှာပြရမည့် အရေးကို တွေးမိတော့သည်မြို့မှာ တောင် နေချင်စိတ် မရှိတော့ပေ။

 ခေါင်းထဲမှာ ဘာတွေတွေး နေမိမှန်း မသိဘဲ နေပူထဲမှာ ခပ် ဖြည်းဖြည်းလျှောက်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ မြို့ထဲမှ ထွက်လာ၍ မြစ်ကူးတံတား ကြီးပေါ်တက်သည့်လမ်းသို့ဦးတည်နေကြောင်း သိလိုက်ရ သည်။ ပြန်ကွေ့ဖို့တွေ ဝေ နေရင်း သနပ်ပင် လေးဘေးမှ ဖြတ်ကာ တံတားပေါ်သို့ ရောက်သွား၏။

တံတားပေါ်တွင် အသွားအ လာသိပ်မရှိ။ ဝါဆိုဝါခေါင်မို့ ရေပြင်က အကျယ်ကြီးဖြစ်သည်။ ကျွန်တော်တံတား အလယ်တွင်ရပ် ပြီး လက်ရမ်း မှနေ၍ အောက်သို့ ငုံ့ကြည့် သည်။ တံတားတိုင် ခြေနား မှ အလိပ်လိပ်ပွက်ထနေသော ရေတွေက ကျွန်တော့်ကို ဖိတ်ခေါ် နေသလိုပင်။

အိမ်က မိဘတွေကို သည် အကြောင်းဘယ်လိုပြောပြရမလဲ။ ပြီးတော့ စေ့စပ်ဖို့ ပြင်ဆင်နေကြ သော ဆွေမျိုးတွေကိုကော။ နောက်ပြီးတော့ ဒီကရှေ့တစ် လျှောက် သူမ ကို ဘယ်လိုရင်ဆိုင် ရမှာလဲ။ ကဲ လောကကြီးမှာကော နေချင်သေးရဲ့လား။ မနေချင် တော့လျှင်ဖြင့် ခုန်ချလိုက်ရုံပင်။ ကျန်တာတွေ သူ့ဟာသူဖြစ်သွား လိမ့်မည်။

စက်ရုံမြို့မှာ ကျန်ရစ်ခဲ့သော ကျွန်တော်ပြိုင်စက်ဘီးကလေးကို သတိရသွားပြန်၏။ မနေ့က အဲသည်က အမျိုးတွေက ကားဖြင့် ပြန်လိုက်ပို့ကြသဖြင့် စက်ဘီး လေးကို အဲသည်မှာ ထားခဲ့ရ သည်။ ဒါလည်း ကျွန်တော်မရှိ သည့် နောက်မှတော့ သိပ်ထူးခြား မှာ မဟုတ်တော့ပါ။

ပတ်ဝန်းကျင်ကို ရှက်ခြင်း၊ သူ့ကို ဆုံးရှုံးရ၍ ဝမ်းနည်းကြေကွဲ ခြင်းတွေကို ရင်ဆိုင်ဖို့ မတတ်နိုင် တော့ပါက ရေထဲခုန်ချလိုက်လျှင် လွတ်ပြီဖြစ်၏။ ကျွန်တော်ကတော့ အဲဒါတွေကို ရင်မဆိုင်ရတော့ဘူး ပေါ့။ အိမ်က လူတွေကကော။ ကျွန်တော့် မိသားစုကတော့ ကျွန်တော် လုပ်သွားပုံများကြောင့် အများ အလယ်တွင် ရှက်ဖွယ်ဖြစ် သည်။ ပြီးတော့ ကျွန်တော့်ကို ဆုံးရှုံးရ၍ ဝမ်းနည်းနေကြ ရဦး မည်။ ဟင်…

 ရေပြင်ကို ငေးရင်းရောက်ရာ ပေါက်ရာတွေ တွေးနေသော ကျွန် တော့် အတွေးတွေက သည်နေရာ ရောက်တော့ ရပ်သွားသည်။ ကျွန်တော် ကြောက်သွားသည်။ အသံတွေ ဟစ်ကြွေးလျက် ဝဲဂယက် တွေဖြင့် ပွက်ထနေသော ရေပြင်ကို လည်း မကြည့်ရဲတော့။ သည်နေရာ မှာလည်း ဆက်ရပ် မနေရဲတော့ ပေ။ ကျွန်တော် ဆက်လျှောက် သွားသည်။

 ငြိမ်ငြိမ်ကလေး ရပ်၍ စဉ်းစား နေစဉ်က မခံမရပ်နိုင်သော အတွေး များသည် လှုပ်ရှားသွားလာနေ တုန်းအခိုက် မှာတော့ အနည်းငယ် သက်သာသလို ရှိသည်ထင်၏။ အဲသည်တော့ သည်လိုပဲ မရပ်မနား ဆက်လျှောက် သွားနေရတော့မှာ လား။ အဝေးမှာ တံတား အဆုံးကို မြင်နေရသည်။ နောက်ထပ် ၉ မိုင် လောက် ဆက်လျှောက် သွားလျှင် တော့ မနေ့ကသွားသောစက်ရုံမြို့ ကိုရောက်မည်။ ဒါပေမဲ့ ခုလိုနေပူ ကြီးထဲမှာ ခြေလျင်သွားဖို့ ဝေးလွန်း လှပါ၏။ အဲသည် အထိ ရောက် အောင်သွားမှာလား။

စဉ်းစားရင်း လျှောက်ခဲ့သည် မှာပင် တံတားကိုဆင်းခဲ့၍ အတော်ဝေးဝေး သို့ ရောက်ရှိလာ ပြီဖြစ်သည်။ အင်းစောင်းနှုတ်ခမ်း၊ ကားလမ်းဘေး တစ်လျှောက်ကျည်း ပင်တွေဝေနေအောင် ပွင့်နေကြ သည်။ အနီတွေရော အဝါတွေ ရော။

ကျည်းပင်တွေက လှသားပဲ။ ပင်စည်တွေ အကိုင်းအခက်တွေက အခေါက် ကြမ်းကြမ်းနှင့် ညိုနက် ရောင်၊ အရွက်တွေက အစိမ်းရင့် ရင့်။ အပွင့်တွေက အနီ၊ တချို့က အဝါ။ ပွင့်ပုံကလည်း ပန်းခိုင် ပန်းဆွဲ လိုနှင့် လှလိုက်သည့် ဖြစ်ခြင်း။ အင်ကြင်း ထက်တောင်မှ လှသေး သည်။ ဘာလို့များ အိမ်တွေမှာ အလှ မစိုက်ကြသလဲ မသိ။ မမွှေးလို့ လား။ မွှေးသလား မမွှေးဘူးလား ကျွန်တော်မသိပါ။ ခူးပြီး နမ်းကြည့် မည့် လုပ်ပြီးမှ မခူးမိတော့။

ကျွန်တော်လျှောက်သွားမည့် လမ်းနံဘေးနှုတ်ခမ်း သတ်တစ် လျှောက်လုံး ကျည်းပွင့်တွေကြွေ ကြ ပြန်ကျဲနေကြသည်။ အနီ တစ်ကွက်၊ အဝါ တစ်ကွက်နှင့် ပန်းမွေ့ရာ ခင်းထားသည့် အလားပင်။ ပန်း အကြွေတွေပေါ်ကို နင်းပြီး တစ် ယောက်တည်း လျှောက်သွားရ သည်က ဝမ်းနည်းစရာ ကောင်းလှ ၏။

သည်နေရာကိုပင်၊ မနေ့တုန်းက ပြိုင်စက်ဘီးလေးနင်းပြီး သွားခဲ့သေး၏။ အဲသည်တုန်းက တော့ ဒါကို သတိမပြုမိခဲ့ပေ။ ပျော်နေလို့ဖြစ်မှာပေါ့။ မိုး နဲ့မြေ လို ကွာခြား လှသော မနေ့နှင့် သည် နေ့ ခံစားမှုတွေကို နှိုင်းယှဉ် ကြည့်မိ တော့ မယုံကြည်နိုင်အောင် ဖြစ်ရ သည်။ ဒါပေမဲ့ တကယ်ဖြစ်နေတာ တွေပင်။

ကျွန်တော် ပို၍ မြန်မြန် လျှောက်သည်။ စိတ်ပင်ပန်း ဆင်း ရဲသည့်ဒဏ်ကို မခံစားနိုင်၍ သက်သာလို သက်သာငြား ခန္ဓာ ကိုယ်ကို အပင်ပန်းခံနေမိသည်။ ခရီးသွား ကားတစ်စီး က ရပ်ပြီး အမရပူရခေတ် နာမည် ကျော်သစ်သား တံတားကြီးရှိရာ နေရာကို မေး၍သူတို့ကို လမ်းညွှန်ရသေး သည်။ ကျွန်တော်သွားမည့် လမ်း ပေါ် မှာပင် ဖြစ်ကြောင်း မပြော လိုက်တော့ပါ။ နောက်နှစ်နာရီ လောက်နေတော့ သူတို့ကို အဲသည်မှာ တွေ့သည်။ ကျွန်တော် ဆက်လျှောက် ခဲ့ပြန်သည်။

ညနေသုံးနာရီ ထိုးတော့ တူး မြောင်းဘေးမှ နှင်းဆီခင်းလေးကို ဖြတ်ကာ စက်ရုံမြို့လေးသို့ ကျွန်တော်ရောက် သွားသည်။ စက်ဘီးကို ယူ၍ အဝေးကြီးကွေ့ ပတ်ကာ ကျွန်တော် အိမ်ပြန်ခဲ့ သည်။ ဝမ်းနည်းဖွယ်ကောင်း သောနေ့။

”ဆိုင်ကယ်ရပြီ”

ဘီးဖာသည့် ကလေးက အသံပြုလိုက်တော့မှ ကျွန်တော် ပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိ လာသည်။ ထိုင်ရာမှ လေးကန်စွာ ထလိုက်ရင်း တစ်ကိုယ် တည်း ပြောဆို လိုက်မိပါ၏။

”အင်း…။ ဒါတွေက ကြာခဲ့ပါပြီလေ”

မိုးက အုံ့သွားသည်။ လေတွေ ကတိုက်နေဆဲ။ ကျွန်တော် မပျော် တော့ပါ။ တံတားပေါ် ကိုရောက် ၍ မြစ်ပြင်ကျယ်ကို ဖြတ်မောင်း လာတော့ တိုက်နေသော လေထဲ တွင် မိုးစက် ကလေးတွေ တစ် ပေါက်တလေ ပါလာသည်။ ဟိုတုန်း က ကျွန်တော် ခုန်ချဖို့စဉ်း စားရင်း ငုံ့ကြည့်ခဲ့သော နေရာလေး သို့ ရောက်လျှင် အမှတ်တရဖြင့် ခဏတော့ ရပ်ကြည့်ဦးမည်ဟု အောက်မေ့ထားသည်။ ဒါပေမဲ့ အဲသည်နေရာ ကို ကျွန်တော့်အရင် ရောက်နေသူရှိသည်။ အသက်နှစ် ဆယ်ဝန်းကျင် မိန်းကလေး တစ်ဦး။

အံ့သြမှုနှင့် စိုးရိမ်မှုတို့ ကြောင့် စိတ်ထဲမှာ ထိတ်ခနဲ ဖြစ် သွား၏။ သူ့ကို သည် အတိုင်းထား ခဲ့ပြီးကိုယ်နှင့် မဆိုင်သလို ဆက် မောင်းသွားဖို့ ကတော့ ကျွန်တော့် အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါ။ အခြားသူတွေ သိချင်မှ သိမည် ဖြစ် သော်လည်း ကျွန်တော် ကတော့ သည်နေရာ အကြောင်းကို ကောင်း ကောင်းသိသူပင်။

ရုတ်တရက် ဘာလုပ်ရမှန်း မဆုံးဖြတ်နိုင်သေးပဲ သူ့အနားမ ရောက်ခင် ခပ်လှမ်းလှမ်းမှာ ကျွန် တော် ဆိုင်ကယ်ကို လူသွားပလက် ဖောင်းလေးပေါ် သို့ မောင်းတက် ပြီး ရပ်လိုက်သည်။ သူ့ကိုတော့ မကြည့်။

တံတားဘေးမှာ ကာရံထား သော ပျားအုံပုံ သံဆန်ခါကို တက်၍ သံလက်ရန်း အပြင်ဘက် ကို ကျွန်တော် ခဏမျှ ငုံ့ကြည့်သည်။ သူမဘက်ကို လှည့်လိုက်တော့ စိုး ရိမ်သော မျက်နှာဖြင့် ကျွန်တော့် ကို ကြည့်နေသည်ကို တွေ့ရ၏။ ကျွန်တော်က တံတားအောက်သို့ ညွှန်ပြရင်း သူ့ကို လှမ်းပြောလိုက်သည်။ တိုက် ခတ်နေသော လေ တွေထဲမို့ ကျွန်တော်ပြောတာ ကို သူက ကောင်းကောင်းကြားရမှာ မဟုတ်ပါ။ ကျွန်တော်အောက် သို့ ဆက်ငုံ့ကြည့်လိုက်သည်။

”ဦး…ခုနက သမီးကို ဘာ ပြောလိုက်တာပါလိမ့်”

 ကျွန်တော့်နားသို့ သူရောက် လာပြီး မေးသည်။ ပြီးတော့ သူ လည်း အောက်သို့ငုံ့ကြည့်၏။

”သြော် …ရေတွေပွက် ထနေတာက ကြောက်စရာ ကောင်းလိုက်တာ လို့ ပြောတာပါ။ အောက်မှာ တံတား အကျိုးက သံ ပေါင် အချွန်အတက်တွေ ရှိတယ် လေ။ အဲ ဒါတွေကြောင့် ဝဲတွေဖြစ် နေတာပေါ့။ အဲဒီ အပေါ်ကိုများ လူပြုတ်ကျသွားရင် မတွေ့ရဲဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်း က သမီး ရပ်နေတဲ့ နေရာကနေပြီး ဦးက ခုန်ချ ဖို့ စဉ်းစားခဲ့ဖူးတယ်”

 ”ဟင်…ဘာပြုလို့လဲ”

 ”ဘဝမှာ ကြုံတွေ့ရတဲ့ ဝမ်းသာ ဝမ်းနည်းအပြောင်းအလဲ တွေရဲ့ ဒဏ်ကို မခံနိုင်လို့ပေါ့”

ပထမနေ့တုန်း က ဝမ်းသာမှု များနှင့် မျှော်လင့်ချက်တွေ အ ကြောင်း ကျွန်တော်သူ့ကို ပြောပြ သည်။ ဒုတိယနေ့ ကျတော့ အဲဒါ တွေအားလုံး လက်လွတ် ပျောက် ဆုံး သွားရပြီး စိတ်ပျက် ဝမ်းနည်း ဖွယ်ရာတွေ၊ ရှက်ရွံ့အားငယ်စရာ တွေသာ ရင်ဆိုင်ဖို့ ကျန်ခဲ့ပုံ၊ သည် နားလေးမှာ ရပ်ပြီး စဉ်းစားနေမိ သော အတွေးများ နောက်တော့ သည်နေရာလေးမှ ထွက်ခွာလာ ခဲ့ပုံတွေကို သူနားဝင်အောင် ကျွန်တော်ပြောပြသည်။ သူက ကျွန်တော့်စကား ဆုံးသည်ထိ မြစ် ပြင်ပေါ်အဝေး ဆီကို ငေးကြည့် ရင်း ငြိမ်သက်စွာ နားထောင်နေ သည်။

”ပထမနေ့ နဲ့ ဒုတိယနေ့ ကြုံ တွေ့ရတဲ့ အဖြစ်တွေက ကွာခြား လွန်းတော့ မခံမရပ်နိုင်အောင် ဖြစ်ရတာပေါ့။ ဒါပေမဲ့ တကယ် တမ်းမဖြစ်မနေရင် ဆိုင်ရပြီ ဆို တော့လည်း ခံနိုင် သွားတာပါပဲ။ အချိန်တော့ပေးရတာ ပေါ့လေ။

ကျွန်တော့်စကားကို လက်စ သတ်ရသည်။

”အဲဒီတုန်းကသာ ခုန်ချဖြစ် ခဲ့ရင် ဘဝဆိုတာ ဘယ်လိုအခြေ အနေမျိုး မှာပဲဖြစ်ဖြစ် ခင်တွယ်မြတ် နိုးစရာကောင်းမှန်းသိသွားရမှာ မဟုတ်ဘူး။ ဒါကြောင့် လမ်းကြုံ တုန်း ဒီနေရာလေးကို အမှတ်တရ ရပ်ကြည့်တာ”

ထိုစဉ် ကျွန်တော်တက်လာ သော ဂိတ်ဘက်ဆီကြည့်လိုက် တော့ ရဲသား တစ်ယောက် ကျွန်တော်တို့ ရှိရာသို့ ခပ်သုတ် သုတ်လျှောက်လာနေသည်ကို တွေ့ရသည်။ ကျွန်တော်သူ့ကို ပြောရသည်။

”သမီးရေ…သွားကြစို့။ ရဲ ဒီနားရောက်လာရင် မေးမြန်းနေ တာတွေဖြစ်နေရဦးမယ်”

ကျွန်တော်ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ သူက လက်ထဲမှာ ဆုပ်ကိုင်လာသော အရာတစ်ခု ကို မြစ်ထဲသို့ ပစ်ချ လိုက်ပြီးနောက် ဆိုင်ကယ်ပေါ်ကို တက်သည်။ သူသွား လိုရာကို လိုက်ပို့မည်ဟု ကျွန်တော်က ပြောသော်လည်း သူက အနီးဆုံး ဘတ်စ်ကား မှတ်တိုင် တစ်ခုသို့ သာပို့စေပါသည်။ ကားထွက်တော့ ကျွန်တော် တို့ အပြန် အလှန် လက်ပြ ကြသည်။ သူ့ ကားနောက်ပိုင်းကို အဝေးကြီးရောက်သည် အထိ ကြည့်နေပြီးမှ ကျွန်တော် ခရီးဆက် ရတော့၏။

စက်ရုံမြို့ကလေး ဆီသို့ ဦး တည်၍ ဆိုင်ကယ်ကို မောင်းလာ ရင်း ပတ်ဝန်းကျင်ကို သတိပြုကြည့် လိုက်မိသည်။ မြင်မြင်သမျှအရာ တွေအားလုံး လှပနေကြသည်ဟု ထင်ရလေသည်။ တံတားပေါ်မ ရောက်ခင်တုန်းက ခဏတာခိုဝင် လာခဲ့သော ပျော်ရွှင်မှုလေး က အခုတော့ ကျွန်တော့်ရင်ထဲကို အပြည့်အဝ အသေအချာ ပင် ရောက် ရှိလာပါတော့သည်။ သီချင်းဆိုချင် စိတ်ပေါက်လာ သဖြင့်သီဆိုလိုက်ရာ”ချစ်တသက် ပန်ရွယ်” သီချင်းကိုပဲ သီဆိုမိပြန် ပါသည်။

‘စာကဗျာတွေရယ်…ရေး ဖွဲ့ရည်ညွှန်းခဲ့ပါတယ်…
တစ်ရွာသူမေရယ်… ချစ်ခွန်းလေးတွေ
စေညွှန်းရင်းကွယ် ဖွင့်ဟလို့ ဖြင့် ပြောမယ်…
မပြယ်နွမ်းမေတ္တာ…. ဆယ်ဘဝတိုင်တိုင်…မောင် ပေါင်းရန်ရွယ်
ပြစ်မမုန်းပါနဲ့…အချစ်ရယ်…”

သည်တစ်ခါတော့ ကျွန်တော့် သီချင်းသံက ကျွန်တော့် နားထဲ တွင် အဆိုတော်တစ်ဦး သီဆိုနေ သည့်ပမာ ချိုမြိန်သာယာနေပါ တော့သည်။

စိုး(နွယ်ပန်းအိမ်)

Both comments and pings are currently closed.