အရသာ

ကော်ဖီမစ်တစ်ကျိုက် မော့ လိုက်သည်။ ရူဘီတစ်ရှိုက် ဖွာလိုက် ၏။ ဆိုင်ထဲက ဗီဒီယိုဇာတ်ကားကို မျက်နှာလွှဲလိုက်ပြီး အကြည့်ကို လမ်းဆီပို့လိုက်သည်လမ်းပေါ် တွင် သူ့အတွက် အလုပ်တစ်ခုခု ဖြတ်မသွားနိုင်မှန်း သိနေသော် လည်း လောလောဆယ်အနေဖြင့် လမ်းပေါ်လှမ်းကြည့်နေရရုံမှလွဲ၍ ဘာမှမရှိ။ အောင်လက်မှတ်မရှိ၊ လိုင်းကြေး မရှိ၊ အကပ် မရှိသည့် သူ့အတွက် အလုပ်အကိုင်ပြပွဲ သတင်းတွေကလည်း သူနှင့်မသက် ဆိုင်။

သူ အလုပ်လက်မဲ့ဖြစ်နေ သည်မှာ ဒီနေ့ ဆိုလျှင် ငါးရက်ရှိပြီ။ သို့သော် သူ့အတွက် ပြဿနာ အသစ်တစ်ခုမဟုတ်။ အလုပ်နှင့် ပတ်သက်လျှင် သူကမျက်နှာများ သည်ဟု ပြောနိုင်သည်။ အလုပ် လုပ်နိုင်သည့် အရွယ်မှစ၍ ယနေ့ အထိ အလုပ်ဘယ်နှမျိုးပြောင်းလဲ ခဲ့ပြီကို သူကိုယ်တိုင်ပင်မမှတ်မိ။မှတ်ပုံတင်လုပ်စဉ်က အလုပ် အကိုင်နေရာတွင် ‘ကျပန်း’ ဟုပင် ဖြည့်ခဲ့သည်။ အလုပ်တစ်ခုနှင့် လက်ထပ်ရန် ဝန်မလေးသလို အချိန်မရွေး ပြတ်စဲရန်လည်း ဝန်လေးသူမဟုတ်။ သို့သော် သည် အချိန်တွင် အလုပ်တစ်ခုခုကို သူ အသည်းအသန် ဆာလောင်နေ သည်။ သူ့နောက်တွင် ဆာလောင် နေသော မိသားစုတစ်စု ရှိနေဧ၊၊်။

ဆိုက်ကားတစ်စီး လက်ဖက် ရည်ဆိုင်ရှေ့ထိုးရပ်သည်။ သစ် သစ်လွင်လွင်ဝတ်စားထားသော လူတစ်ယောက် ဆင်းလိုက်ပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်လာဧ၊၊်။ လက်ထဲတွင် စာအိတ်ပုံစံပလတ် စတစ်ဖိုင်တစ်ခုကို ကိုင်လျက်။

”ကျော်ကြီး ..ကိုလာတစ်လုံး ကွာ၊ ဟာ…ဟေ့ကောင် ဇော်လင်းဦး”

ကိုထွန်းက ဆိုင်ထဲဝင်ဝင်ချင်း အအေးတစ်လုံးလှမ်းမှာ၍ သူ့စားပွဲ မှာ ဝင်ထိုင်သည်။ နေကာမျက်မှန် ကိုချွတ်သည်။ ဖိုင်ကို စားပွဲပေါ်တင် သည်။ လာချပေးသော ကိုလာ ပုလင်းထဲ ပိုက်ဖြင့်တစ်ချက် နှစ်ချက်လှုပ်၏။

”ဒီနေ့ ဆိုက်ကားမထွက်ဘူး လား”

သူ ခေါင်းယမ်းပြလိုက်သည်။ သည်နေ့မှ မဟုတ်၊ မနေ့ကလည်း မထွက်။ သည်နေ့ဆိုလျှင် ၅ ရက် တင်းတင်းပြည့်ပြီ။ ဆိုက်ကား နင်းလာသည်မှာ ၆ လပင် ကျော် လာပြီဖြစ်၍ သည်အလုပ်နှင့် ရာသက်ပန် လက်တွဲလိုက်မည်ဟု စိတ်ကူးမိခဲ့သည်။ ခြေသလုံးတောင့်၊ ခါးချိရသည့်ကိစ္စကို ဘေးဖယ်ထား လိုက်ပါက ဆိုက်ကားသည် သူ့ဘဝ အတွက် လက်တွဲဖော်ကောင်း ဖြစ် နိုင်သည်။ သို့သော် လွန်ခဲ့သော ၅ ရက်က ဆိုက်ကားပြင်ခနှင့်ပတ် သက်၍ အုံနာနှင့်စကားများကြ သည်။ ထို့နောက် သည်နေ့သည် လက်ဖက်ရည်ဆိုင်ထဲ အလုပ် လက်မဲ့တစ်ယောက်အဖြစ် သောင် လာတင်နေခြင်းပင်။

”ဘာလဲ၊ ထုံးစံအတိုင်း အလုပ်ရှာနေပြန်ပြီပေါ့”

ကိုထွန်းက အအေးတစ်ငုံ စုပ်လိုက်ပြီး မေးသည်။ သူ သက် ပြင်းချသံနှင့်အတူ ဝန်ခံအကြည့် ကလေးကြည့်မိသည်။ ကိုထွန်း ကြည့်ရသည်မှာ အဆင်ပြေနေပုံ ရသည်။ ဂျင်းဘောင်းဘီနှင့်စပို့ရှပ် နှင့်။ ပြီးတော့..စားပွဲပေါ်ကဖိုင်။ တကယ်ဆို ပညာအရည်အချင်း အရ ကိုထွန်းနှင့်သူက’သရေ သရေ’ သမားတွေ။သည်လိုဖိုင် တစ်ခုကို ဟန်ပါပါကိုင်၍ အလုပ် လုပ်နိုင်သည့် ပညာအရည်အချင်း တွေ မရှိကြ။

”ဒါနဲ့ ကိုထွန်းက… ဘာ ..”
”ဒါပေါ့ကွ၊ ခု မင်းကို ငါ အဲ့ဒါပြောမလို့..”

ကိုထွန်းက အအေးပုလင်းထဲ မှ နောက်ဆုံးလက်ကျန်ကို ခပ်ပြင်း ပြင်းစုပ်လိုက်ပြီး ပုလင်းခွံကို စားပွဲ အလယ် တွန်းရွှေ့လိုက်၏။တစ်ရှူး ဘူးထဲက တစ်ရှူးတစ်စဆွဲထုတ်၍ မည်သည့်အညစ်အကြေးမှ မကပ် တွယ်နေသောနှုတ်ခမ်းကို သေသပ် စွာ သုတ်သင်သည်။ ပြီးမှ စားပွဲ ပေါ် တံတောင်နှစ်ဖက်ကိုထောက် လျက် သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။

”ငါ အခု သံရုံးတစ်ခုမှာ အလုပ်လုပ်နေတယ်”
”ဟင် …”

သူ ဟင်ခနဲ ဖြစ်သွားသည်။ သည်လူ လာရွှီးနေတာလားဟု သံသယဝင်လာ၏။ အတန်းပညာ ဟုတ်တိပတ်တိ မတတ်သည့် မြို့ သစ်နေ အောက်ခြေလူတန်းစား ဖြစ်သော်လည်း သံရုံးဆိုသည်ကို တော့ အထိုက်အသင့်သူ နားလည် သည်။ ရပ်ကွက်ထဲက ပြည်ပအလုပ် အကိုင်တစ်ခုခုရရန် ကြိုးစားနေသူ ချို့၏ ခပ်ြ<ွကာြး<ွကားစကားလုံး တွေထဲ သံရုံးကို သူကြားဖူးသည်။ ကိုထွန်း၏ ပညာအရည်အချင်းနှင့် အဆက်အသွယ်တွေထဲ သံရုံးတစ် ခုခုတွင် အလုပ်ရနိုင်ရန်အလား အလာက အိပ်မက်ထဲမှာပင် စိတ် ကူးယဉ်၍ မရနိုင်။

ကိုထွန်းက သူတုံ့ပြန်မည့် အမူအရာကို ကြိုတင်တွေးမိခဲ့ဟန် တူသည်။ သူ ပြောချင်သည်ကို ဆက်ပြောသည်။

”သိပ်ပင်ပင်ပန်းပန်း လုပ် စရာမလိုဘူး၊ သုံးလေးနာရီလောက် မိုးတိုးမတ်တတ် ရပ်ပေးရုံပဲ၊ တစ်သောင်းခွဲ နှစ်သောင်းလောက် တော့ ကိုက်တယ်၊ မင်းစိတ်ဝင်စား ရင် မနက်အစော ပြင်ဆင်ပြီးစောင့် နေလေ၊ ဒီလိုပုံမျိုးနဲ့မရဘူးနော်၊ နက်ဖြန်သဘက် နိုင်ငံခြားထွက်ပြီး အလုပ် သွားလုပ်တော့မယ့်ပုံမျိုး ဝတ်ခဲ့ရမှာ…”

ကိုထွန်း တရစပ်ပြောချသွား သည့် နောက်ဆက်တွဲစကားတွေ ကြောင့် သူငြိမ်ကျသွားသည်။ သည်လူ တကယ်ပြောနေတာပဲ ဟူသောအတွေးက သူ့မနက်ဖြန် ကို ထွန်းညှိနေသည်။ အလုပ် အကိုင်သည် လမ်းပေါ်မှ ဖြတ် လျှောက်မသွား။ သို့သော် သူ့ဆီ ကိုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
”ငါ မင်းမို့ခေါ်တာ၊ အဲ … တစ်ခုတော့ ရှိတယ်နော်။ ဒီလိုဖိုင် တစ်ခုတော့ ယူလာခဲ့”

(၂)

မှတ်တိုင်ရောက်သည်နှင့် ဘတ်စ်ကားပေါ်မှ အလုအယက် ဆင်းကြသူတွေထဲ သူတို့နှစ်ယောက် က ရှေ့ဆုံး။ မနက်ခင်း၏အလင်း ဦးပျပျအောက် ရန်ကုန်က ဖြူရော် ရော်။ အဆောက်အဦတွေက ဖြူရော်ရော်။ ကားတွေက ဖြူရော် ရော်။ သူတို့ ရေးကြီးသုတ်ပျာ လျှောက်နေသော လမ်းတွေကအစ ဖြူရော်ရော်။ လူတွေသည်ပင် ဖြူရော်လျက်။

”မြန်မြန်လျှောက်ဟ၊ နည်း နည်းတောင် နောက်ကျနေပြီ”

ရှေ့မှ ဦးဆောင်လျှောက်နေ သောကိုထွန်းက နာရီတကြည့် ကြည့်။ မြန်မြန်၊ မြန်မြန်ဆိုသော စကားကို တဖွဖွရေရွတ်သည်။ နောက်ကျနေပြီဆိုသော စကားလုံး ကိုလည်း ဂါထာလိုရွတ်သည်။ သူကမူ ရန်သူ့နယ်မြေထဲ စစ်ဆင် ရေးထွက်လာသည့် စစ်သည်ငယ် ကလေးလို စိတ်လှုပ်ရှားနေရဧ၊၊်။ရန်ကုန်ထဲ မနက် ၆ နာရီအမီ ရောက်အောင် သူတို့မြို့သစ်မှ ကားနှစ်ဆင့် ပြောင်းစီးရသည်။ အိပ်ရေးမဝသည့် မျက်လုံးအစုံက ဖန်စပ်နေ၏။ ညက တော်တော်နှင့် အိပ်မပျော်။ ဂျင်းဘောင်းဘီရှာရ၊ အကောင်းဆုံးဖြစ်နိုင်သည့် အင်္ကျီ လည်း ရှာရနှင့် အိပ်ရာဝင်ချိန်လည်း နောက်ကျသွားခဲ့သည့်အပြင် သည်မနက် ကိုထွန်းလာခေါ်ချိန် အသင့်မဖြစ်မှာ စိုးရိမ်နေသော ကြောင့် ကြက်အိပ်ကြက်နိုးကလေး မျှသာ မှေးခဲ့ရသည်။

ငါးမိနစ်ခန့် ခြေပြင်းပြင်း လျှောက်မိတော့ ကိုထွန်းက လှည့် ပြောသည်။ ပြည်လမ်းမကြီးမှ ကွန်ကရစ်အပြည့်ခင်းထားသည့် လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက် ၏။

”ဟို အလံလွှင့်ထားတဲ့ တိုက် ကြီးလေ…”

ကိုထွန်းက ကိုင်ထားသောဖိုင် ဖြင့် လှမ်းညွှန်ပြသည်။ အဆောက် အဦပုံစံက အနည်းငယ်ဆန်းသည်။ အနီရောင်ခေါင်မိုးစောက်တွေက သူ့ထက်ငါ လုတက်နေကြ၏။မြန်မာနိုင်ငံအလံမဟုတ်သော အလံတစ်ခုက အိတွဲတွဲအနီ အဖြူ စင်းနောက်ခံနှင့် အပြာရောင် ထောင့်ကွက်ထဲက အဝါရောင်ကိုပါ မြင်နေရသည်။

မနေ့ညနေက ပြေးဝယ်ထား သော အပေါစားစာအိတ်ဖိုင် ကလေးကို ညာဘက်လက်တွင် သေချာပြင်ကိုင်လိုက်ဧ၊၊်။ သူ့ကိုယ် သူ ပြန်ငုံ့အကဲဖြတ်သည်။ နက်ဖြန် သဘက် နိုင်ငံခြားထွက်မည့်သူနှင့် တူ မတူ။ ပြည်ဝင်ခွင့်ဗီဇာ လာ လျှောက်သော လူတစ်ဦးနှင့်တူ မတူ။

”ဟာ… ငါ့လခွေး ဟိုကောင်တွေ ရောက်နှင့်နေပြီ ဟ”

သံရုံးအဆောက်အဦဘက် အခြမ်းသို့ လမ်းကူးရင်း ကိုထွန်းက ဆဲဆိုနေ၏။ သံရုံးဝင်း၏အနက် ရောင် သံတံခါးကြီးရှေ့ရောက် တော့ မနက် ၆ နာရီခွဲ။သို့သော် နောက်ကျသွားပြီ။ ကိုထွန်းစကား အရ နေရာကောင်းမရနိုင်တော့။ မည်သို့ဖြစ်စေ ရှေ့မှာတန်းစီနှင့်နေ သည့် လူ ၆ ယောက်နောက်တွင် သူတို့တစ်ဆက်တည်း တန်းစီရပ် လိုက်၏။ အဆောက်အဦ၏ အုတ် တံတိုင်းက အတော်မြင့်သည်။ ဂိတ်တံခါးကျယ်ကြီး၏ တစ်ဖက် တွင် လူတစ်ယောက် ဝင်သာရုံ သံတံခါးအသေးတစ်ပေါက်။ အုတ် တံတိုင်း အဝင်ပေါက်နားတွင် သံရုံးအမည်ရေးထားသည့် ပြောင် လက်နေသည့် ကြေးဝါရောင် အင်္ဂလိပ်စာလုံးတွေ ခပ်ကျဲကျဲ ကပ်ထားသည်။ ထိုအင်္ဂလိပ်စာလုံး တွေအထက်မှာ သံရုံး၏မိခင်နိုင်ငံ အမှတ်တံဆိပ်။

ရှေ့က ရောက်နှင့်နေသူ၏မျက်လုံးတွေ သူ့ဆီလှည့်လာကြ သည်။ မျက်လုံးတွေမှာ ဆင်သေ ကောင်ကိုကိုက်ဖဲ့စားရင်း စားမာန် ခုတ်သည့် တောခွေးမျက်လုံးတွေ ဖြစ်၏။ ကိုထွန်းက သဘောပေါက် ပုံရသည်။

”ငါ့ညီပါကွာ…အလုပ်မရှိ တာနဲ့..”
”ဝေဿန္တရာမင်းကြီးပေါ့ ကွာ…ဟုတ်လား …”

ရှေ့က အသံတစ်သံထွက်လာ သည်။ လေယူလေသိမ်းက ခပ်ရိရိ။

”ကြည့်လည်းလုပ်ဟေ့၊ ကိုယ့် နေရာလေးပါ ပျောက်သွားဦး မယ်”

ရှေ့က နောက်ထပ်အသံ။ နောက်ထပ်အသံ။ နောက်ထပ် အသံ။ သူ့မျက်နှာ နွေးခနဲ ဖြစ်သွား သည်။ စိတ်ရောကိုယ်ပါ ကျုံ့ဝင် သွားသလို ခံစားရဧ၊၊်။ ကိုထွန်းက နောက်လှည့်ပြီး မျက်စိတစ်ဖက် မှိတ်၍ မေးတစ်ချက် ဆတ်ပြသည်။ အသာနေ၊ အေးဆေးဆိုသည့် အဓိပ္ပာယ်။ သူလည်း အသာနေရုံက လွဲ၍ တခြားရွေးချယ်စရာမရှိ။

ခဏအကြာ အရေးတကြီး ရောက်လာသော တက္ကစီပေါ်မှ လူငယ်တစ်ယောက် ခပ်သုတ် သုတ်ဆင်းလာပြီး သူ့နောက်လာ ရပ်သည်။ ဘေးလွယ်အိတ်အနက် လွယ်ထားသည်။ ရှေ့က လူတန်း ကြီးကိုမြင်တော့ မျက်နှာရှုံ့သွား သည်။

”ဒီလောက်အစောကြီး ထလာတာတောင်မှကွာ” ဟု ခပ်တိုးတိုး ရေရွတ်သည်။
”အစ်ကိုကြီးက ရှိုးဂျော့ပဲလား …”

နောက်မှ ကပ်လျက်မေးခွန်း သံကြောင့် ဆတ်ခနဲလှည့်ကြည့် လိုက်သည်။ စောစောက တက္ကစီ ပေါ်က ဆင်းလာသည့်လူငယ်။ ကြောင်အမ်းအမ်း သူ့လှည့်အကြည့် ကြောင့် ထိုလူငယ်ပါ ရှန့်တန့်တန့် ဖြစ်သွားသည်။

”သြော်…အစ်ကိုကြီးက ရှိုးဂျော့လားလို့ မေးတာပါ”

ဒုတိယမြောက်မေးခွန်းကို ဖြေရန် မည်သို့စတင်ရမှန်းမသိ။ ကိုထွန်းသင်ပေးထားသည့်အထဲ သည်မေးခွန်းမပါ။

”ဟုတ်တယ် ညီလေး၊ ကိုယ် တို့က ရှိုးသမားတွေ…ညီလေး ကရော…”

ဟူး…။ တော်သေးရဲ့။ ကိုထွန်းက နားပါးပါးနှင့် ကြားဝင် ပေးသွားသည်။ လူငယ်က သူ့ပွဲစား မလာမီ နေရာလာဦးပေးထားခြင်း ဖြစ်ကြောင်း၊ ပွဲစားလာလျှင်ပြန် မည်ဖြစ်ကြောင်း ရှင်းပြနေသေး ၏။နေရောင်က နည်းနည်း ပြင်း ရှရှ ဖြစ်လာသည်။ ခြေသလုံးြ<ွကက်သားတွေ တင်းတောင့်လာ နေ၏။ ရပ်နေသည့် ကွန်ကရစ်လမ်း နှင့် မကြာခဏ ခါပေးနေရသည်။ လမ်းပေါ်ကားတွေ ပိုများလာ သည်။ ခပ်လှမ်းလှမ်းမှ ကျူရှင် ဆိုင်းဘုတ်ဆီ လူငယ်တချို့ သွား လာနေကြ၏။ သူတို့နောက်မှ လူတန်းကြီးသည်လည်း တဖြည်း ဖြည်းပိုမိုရှည်လျား၍ ကောက်ကွေ့ လာသည်။ ဖိုင်ကလေးတွေ တကိုင် ကိုင်၊ လွယ်အိတ်တွေ ဖိုးရိုးဖားရား နှင့်။ ဖုန်းမြည်သံတွေ၊ စကားပြော သံတွေ၊ သက်ပြင်းချသံတွေနှင့် ဗီဇာလာလျှောက်သည့် လူတန်းကြီး သည် ဘူတာရုံထဲမှ ထွက်လုဆဲဆဲ ရထားကြီးတစ်စင်းလို ဖြစ်နေ သည်။

လူရည်လည်ပုံပေါက်သည့် လူတစ်ယောက်က ကျေးလက်ဥပဓိ မပျောက်သေးသည့် ကောင်လေး နှစ်ယောက်ကို ဦးဆောင်ပြီး သူတို့ ဘေးမှ ဖြတ်လျှောက်သွားသည်။ ပြီးတော့ ရှေ့ဆုံးမှလူနှင့် စကား အနည်းအငယ် ရပ်ပြောကြသည်။ ခေါင်းညိတ်ကြ၊ ခေါင်းခါကြသည်။ မဲ့ပြကြ၊ ပြုံးပြကြသည်။ သူ စိတ်ဝင် တစား ငေးကြည့်နေစဉ်မှာပင် တောသားဥပဓိကောင်လေးနှစ် ယောက်က ရှေ့ဆုံးနေရာတွင် ဝင် ရပ်လိုက်၍ ရှေ့ဆုံးနေရာယူထား ခဲ့သူက ငွေစက္ကူအချို့ကို အိတ်ထဲ ထိုးထည့်ရင်း ခပ်သုတ်သုတ်ထွက် သွားလေသည်။

”ဟိုကောင်တော့ အလုပ်ဖြစ် သွားပြီ၊ တွေ့လား…”

နောက်လှည့်ပြောလိုက်သည့် ကိုထွန်းလေသံက တိုးရှရှ။ သူ ခေါင်းညိတ်ပြလိုက်သည်။ နောက် ဘက်လူတန်းကြီးထဲမှ ”ပိုင်လှချည် လားဟ” ဟုအော်သံထွက်လာ သည်။ သူ့စိတ်ထဲကလည်း ”ပိုင်လှ ချည်လား” ဟု အသံတိတ် သြဘာ ပေးနေမိဧ၊၊်။နောက်မကြာခင်မှာပင် သူတို့ နောက်သို့ ဝင်တန်းစီသွားသူတွေ ရှိသလို၊ သူတို့လူတန်းဘေးမှ ခပ် တည်တည် ဖြတ်လျှောက်သွား သော ခြေလှမ်းကျဲကျဲတွေလည်း ရှိသည်။

ထိုဖြတ်လျှောက်သွား သောခြေလှမ်းများက ရှေ့ဆုံးမှလူ တွေဆီ တိုက်ရိုက်ရောက်သွားကြ ခြင်းဖြစ်ပြီး စောစောကလိုပင် ခေါင်းရမ်းကြ၊ ခေါင်းညိတ်ကြ၊ ပြုံးပြကြ၊ မဲ့ပြကြသည်။ နောက်ဆုံး တော့ အရင်ရောက်နေနှင့်သူတွေ သည် နောက်မှရောက်လာသူတွေ ထုတ်ပေးသည့် ငွေစက္ကူတချို့ကို အိတ်ထဲထိုးထည့်ကာ တန်းစီထား သည့်နေရာမှ ခပ်သုတ်သုတ်ထွက် ခွာသွားကြသည်။

”တွေ့လား၊ သေချာကြည့် ဒီကောင်တွေက နပ်နေပြီကွ၊ ကိုယ် ယူထားတဲ့နေရာနဲ့ အချိန်ပေါ် မူတည်ပြီး အသုံးချတတ်တဲ့ကောင် တွေ”

ကိုထွန်းက နောက်လှည့်လာ ပြီး သူ့သင်ခန်းစာဟောင်းကို မျက် မြင်အတွေ့နှင့် ပြန်ပေါင်းစပ်ကာ ထပ်ပို့ချသည်။ သူ ခေါင်းညိတ်ပြ နေရသည်။ ငါ့အလှည့်ကျရင်..ဆိုသောအတွေးက တဖြည်းဖြည်း နီးကပ်လာသလို ခံစားရသည်။ ဖြစ်မှဖြစ်ပါ့မလားဟူသော အတွေး က တဖြည်းဖြည်းကြီးပြင်းလာ၏။လူတန်းက တစ်စတစ်စပိုရှည် လျားလာ၏။ နောက်မှာ ရိုးရိုးသား သားဝင်တန်းစီသူတွေ ရှိကြသလို ရှေ့ကိုကျော်ဖြတ်ပြီး ပိုက်ဆံနှင့် လဲလှယ်၍ နေရာယူ သွားသူတွေ လည်း ရှိနေသည်။ ထူးခြားသည်မှာ တစ်ယောက်စာနေရာတွင် နှစ်ယောက်သုံးယောက် အစားထိုး ဝင်လာကြခြင်းဖြစ်သည်။ သူတို့ အရင် လာရောက်တန်းစီနေကြသူ တွေက ငွေစက္ကူတွေအလျှိုလျှိုထည့် ၍တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရင်း တဖြည်းဖြည်းနှင့် အခွင့်အရေးက သူတို့ထံ လက်တစ် ကမ်းအကွာမှာ ရောက်နေလေပြီ။

”ဟာ…နောက်ထပ်နှစ် ယောက် အသတ်ခံလိုက်ရပြန်ပြီ တဲ့”

နောက်မှထွက်လာသော အသံတစ်ခုကြောင့် ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။ လှည့်ကြည့်လိုက် တော့ နောက်ဘက်တန်းစီနေသူ တွေထဲကတစ်ယောက် ဂျာနယ် တစ်စောင်ကိုင်ရင်း သတင်းဖြန့်ဝေ နေခြင်းပင်။

”ဒါ နှစ်ဆယ့်ရှစ်ယောက် မြောက်တဲ့။ ဘာသာရေး လူမျိုး ရေးတွေနဲ့ မပတ်သက်ပါဘူးတဲ့”

”အလကားပါကွာ၊ ဒီလိုပဲပြော မှာပေါ့၊ တရားခံမိတယ်လည်း တစ်ခါမှ မကြားရဘူး၊ ဒီလိုပြဿနာ ဖြစ်တိုင်း ကိုယ့်လူမျိုးတွေပဲ အဖမ်း ခံခံနေကြရတာ”

”ဘာတတ်နိုင်မှာလဲကွာ၊ အခု ကိုယ်တွေတောင် အဲ့ဒီနိုင်ငံကို ပဲသွားချင်လို့ ဒုက္ခခံပြီး ဗီဇာလာ စောင့်နေတာမို့လား”

ဝေဖန်သံတွေ၊ တစ်ဆင့် သတင်းဖြန့်ဝေသံတွေနှင့် လူတန်း ကြီးက လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ အတွေ့အကြုံတွေ၊ ဘယ်ဂျာနယ် မှာမှ မပါသေးသည့်သတင်းတွေ ကလည်း အလျှိုလျှိုပေါ်လာကြ၏။ တကယ်တော့ သည်သတင်းတွေက သူ့နားတွေနှင့် ယဉ်ပါးကြပြီးသား။ ထိုစဉ်ကလည်း သူလိုကိုယ်လို လက်သီးကလေးဆုပ်၊ တောက် တစ်ချက်ခတ်ရုံက လွဲ၍ မည်သို့မျှ မတတ်နိုင်ခဲ့။ သည်ပြဿနာတွေ ကြားက အတင်းတိုးဝင်နေသူတွေ ကိုလည်း အပြစ်မပြောသာ။ သူ လည်း အခွင့်အရေးရလျှင် ရေ ကြည်ရာ မြက်နုရာအတွက် ခရီး ကြမ်းထွက်ရန်အသင့်။

အများစုမှာ သူကောင်းဖြစ်လို သည့် ဆန္ဒဖြင့် တစ်ရွာပြောင်းကြ သည်မဟုတ်၊ အသေခံတောပြောင်း ကြသည့် ကျားနာများသာ ဖြစ်မှန်း တီးမိခေါက်မိ အကြားအမြင် ကလေးဖြင့် သူသိနေသည်။

”ဇော်လင်းဦး… ဟေ့ ကောင်၊ ဟိုမှာ… ဟိုမှာ … လာနေပြီ”

ကိုထွန်းအသံကြောင့် ဖျတ် ခနဲ ဖြစ်သွားသည်။ ကိုထွန်းကြည့် ရာ လိုက်ကြည့်လိုက်သည်။ တက္ကစီ တစ်စီးပေါ်မှ ဆင်းလာကြသော လူတချို့။ ကျားမ ငါးယောက်ခန့်။ တောသား လူလည်ဟန်ပန်နှင့် နေကာမျက်မှန်တပ်ထားသော လူတစ်ယောက်က ဦးဆောင်လာ ခြင်းပင်။ ပုဆိုးကြားမှာ ဟန်းဖုန်း ချိတ်ထားသည်။ ခါးမှာအိတ်ကပ် ပေါင်းများစွာပါသည့် ခါးပတ်ကို ပတ်ထားသေးသည်။ သည်လမ်း ကြောင်းကို ကျွမ်းကျင်ပြီးဖြစ် ကြောင်း သိသာနိုင်သမျှ သိသာ အောင် အားထုတ်ထားပုံရသည်။ နေကာမျက်မှန်က လူတန်းကြီးထဲ ဝေ့ဝဲကစားလိုက်၏။

နေကာမျက်မှန်နှင့် မျက်လုံး ချင်းအဆုံ ကိုထွန်းလက်တစ်ဖက် မသိမသာ မြှောက်တက်သွားသည်။ အထာသိပြီးသား လူတစ်ယောက် အတွက် မဆိုသလောက် အမူအရာ က စကားလုံးတွေထက် ပိုထိ ရောက်သည်။ နောက်လိုက်နောက် ပါတွေကို ခပ်ဝေးဝေးမှာချန်ရစ်ပြီး နေကာမျက်မှန်တစ်ဦးတည်း လျှောက်လာ၏။ သူတို့အနား ရောက်တော့ တစ်ချက်ပြုံးပြ သည်။

”ငါးယောက်စာ အစ်ကို၊ ဘယ်လောက်လဲ”

အသံက ခပ်အုပ်အုပ်။

”ရတယ်လေ…ငါးပုလင်း ပေါ့”

ကိုထွန်းက ခပ်တိုးတိုးပြန်ဖြေ သည်။ သူက ပွဲကြည့်ပရိသတ်လုပ် နေလိုက်ဧ၊၊်။

”ဟာ ဆရာသမားရယ်… ဒီလောက်မလုပ်ပါနဲ့၊ ကျုပ်က လာ နေကျပါ၊ သုံးပုလင်းထားဗျာ..”

”မနက်မိုးမလင်းခင်ကတည်း ကလာ စောင့်နေရတာဗျ၊ ဒီကြား ထဲ ပြဿနာရှာမယ့်သူပေါ်ရင် ဒုက္ခကရောက်ဦးမယ်၊ စွန့်စားကြေး လေးပါဗျာ..”

ကိုထွန်းက စကားပြောကျင် လည်သည်။ နောက်မှာ သူတို့လို လူတွေ မရှိတော့။ နေကာမျက်မှန် က ဈေးကပ်ဆစ်သည်။ ပြုံးပြ၊ မဲ့ပြ၊ ခေါင်းညိတ်၊ ခေါင်းခါ ။ နောက်ဆုံး လေးပုလင်းတွင် ဈေးတည့်သွား သည်။ နေကာမျက်မှန်လက်အဝှေ့ တွင် တောတစ်ပိုင်း၊ မြို့တစ်ပိုင်း ၅ ယောက်ပြေးလာပြီး သူတို့နှစ် ယောက်နေရာမှာ ဝင်ရပ်လိုက်ကြ ၏။ ကိုထွန်းက ပိုက်ဆံလေးသောင်း အိတ်ထဲထည့်ပြီး သူ့ကို မျက်ရိပ်ပြ ကာ လစ်ထွက်လာကြ၏။

”ဟာ ဘာတွေတုန်းဟ၊ လွန် လွန်းလှချည်လား…နောက်က လူတွေကို ကိုယ်ချင်းစာပါဦးဟ”

သတိထားမိသွားပုံရသည့် နောက်ကအသံတစ်သံ ထွက်လာ သည်။ သူ့ရင်ထဲ ထိတ်ခနဲ။ ခြေ လှမ်းတွေကို ကိုထွန်းနှင့်ယှဉ်မိ အောင် အရှိန်ထပ်မြှင့်လိုက်သည်။ ”ဝင်တိုင်ရမယ်” ဟု လူတစ်ယောက် ကြိမ်းဝါးပြီး သံရုံးဝင်းဂိတ်တံခါးဆီ ဒေါင်းချီမောင်းချီ လျှောက်သွားတာ တွေ့လိုက်သည်။

”ဟေ့ကောင် လှည့်မကြည့်နဲ့ ဟ၊ မြန်မြန်”

ကိုထွန်းက လှည့်ပြောသည်။ သံရုံးရှိရာလမ်းမှ ပြည်လမ်းမကြီး ပေါ် ချိုးကွေ့လိုက်ကြသည်။ ကား မှတ်တိုင်ရှိရာ ခပ်သုတ်သုတ် ချီတက်ကြ၏။ သံရုံးဝင်းတံခါးကြီး မှာ အခုထိ စေ့ပိတ်ထားဆဲ။ ဝင်း တံခါးကြီးရှေ့၌ စောင့်ဆိုင်းနေ သည့် လူတန်းကြီးသည် မျှော်လင့် ချက်တွေ၊ မကျေနပ်မှုတွေဖြင့် ဆူပွက်ကျန်ရစ်ခဲ့လေသည်။

(၃)

လက်ဖက်ရည်ဆိုင်ကို ရောက် တော့ မနက် ၉ နာရီ။ မည်သည့် အာဟာရမှ မမှီဝဲရသေးသည့် အစာအိမ်က အခုမှဆန္ဒပြလာ၏။ မုန့်ဟင်းခါးပန်းကန်ရောက်မလာမီ သူက လက်ဖက်ရည်သောက်နေ လိုက်သည်။ ကိုထွန်းက အိတ်ကပ် ထဲမှငွေစက္ကူတွေကို ဆွဲထုတ် သည်။

”ရော…ဒါက မင်းနေရာ ရောင်းခ…”

ကိုထွန်းချပေးသည့် ပိုက်ဆံ ၂ဝဝဝဝ ကိုကြည့်ရင်း သူ့မျက်နှာ ပေါ် အပြုံးတွေဖိတ်ကျကုန်သည်။ နာရီအနည်းအငယ်အတွင်း သည် လောက်ငွေပမာဏမျိုးရရန် သူ စိတ်ကူးမယဉ်ဖူးခဲ့။ အခုတော့ …။ ကိုထွန်းက ငါ့အလုပ်ဘယ်လို လဲဟူသောအဓိပ္ပာယ်ဖြင့် မေးတစ် ချက်ဆတ်ပြသည်။

”မင်းက လာဘ်တော့ကောင်း သားပဲ၊ အမြဲတမ်းတော့ ဒီလိုဘယ် ဟုတ်မလဲကွာ၊ ပြီးတော့ နေ့တိုင်း ချည်းလည်း မကောင်းဘူး၊ ရက် ခြားလေးပေါ့”

ကိုထွန်းက သူ့သင်ခန်းစာတွေ ကို ကြုံသလိုပို့ချတတ်သည်။

”အဓိကက နေရာယူတတ် ဖို့ပဲကွ၊ ပြီးတော့ ကိုယ်ရယူထားတဲ့ နေရာကို ကိုယ့်အတွက် အကျိုး အမြတ်ပိုများအောင် အသုံးချတတ် ဖို့လည်းလိုတယ်၊ အေးပေါ့ကွာ၊ နောက်တော့ မင်းကိုလည်း အလုပ် က သင်သွားမှာပါ၊ အရေးကြီးတာ က နေရာတစ်နေရာ ရထားဖို့ပဲ …”

ကိုထွန်းက မုန့်ဟင်းခါးပန်း ကန်ကိုမွှေရင်း သူ့သင်ခန်းစာကို ခရီးဆက်သည်။ သူက တွေ့ရာ စာရွက်တွေ ထိုးထည့်ထားသည့် ဖိုင်ကလေးထဲ ဝေစုရငွေစက္ကူတွေ ထည့်ရင်း ကိုထွန်းစကားတွေကို အံ့သြနေမိဧ၊၊်။ သည်စကားမျိုးတွေ ကိုထွန်းပါးစပ်ထဲ ဘယ်လိုရောက် လာသည်ဆိုတာကလည်း မေးခွန်း တစ်ခုဖြစ်နေ၏။ကိုထွန်းပြော သလို အလုပ်က သင်ပေးသွားခြင်း သာဖြစ်မည်ဟု တွေးပစ်လိုက် သည်။ ဆိုင်၊ မဆိုင်တော့မသိ။ သူလည်း သည့်ထက် ပိုတွေးနိုင်သူ မဟုတ်။

သည်အလုပ်အကြောင်း အသိနောက်ကျရလေခြင်းဟု ကျန်ခဲ့သောအတိတ်ကိုတော့ မချင့် မရဲဖြစ်မိသည်မှာအမှန်။ ဆိုက်ကား သမား၊ သင်္ဘောကျင်းနေ့စားဝန် ထမ်း၊ ဆိပ်ကမ်းကုန်တင်ကုန်ချ လုပ်သား၊ ပန်းရန်၊ အရပ်လက် သမားနောက်လိုက်..စသည့် များစွာသော အလုပ်ကြမ်းတွေထဲ ဆုံးရှုံးသွားသည့် သူ့ခွန်အားတွေကို ပြန်နှမြောသည်။

သမ္မာအာဇီဝဟု ရဲရဲဝံ့ဝံ့ရင် မကော့ရဲသည့်တိုင် ခြေတစ်စုံစာ နေရာရရုံဖြင့် ချွေးတစ်ပေါက်ကျ စရာမလိုသော သည်အလုပ်ကို သူ စွဲလမ်းသွား၏။ နက်ဖြန်သန်ဘက် ပြည်ပထွက် အလုပ်လုပ်တော့မလို ဝတ်ဆင်လာသည့် သည်အဝတ် အစားတွေကိုလည်း ချွတ်လဲချင် စိတ်မရှိတော့။
အတွေးကိုရပ်ပြီး မုန့်ဟင်းခါး ဆက်စားသည်။ သို့သော် မုန့်ဟင်းခါးအရသာ မရ၊ သံရုံး ရှေ့မှ နေရာအရသာကိုပဲရနေ၏။

မိုးကျော်ဇင်

Both comments and pings are currently closed.