နှစ်ပေါင်း (၇ဝ) အတွင်း အာဇာနည်နေ့များကို ဖြတ်သန်းခြင်း

 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေ ကျဆုံးခဲ့တာဟာ လာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဆိုရင်နှစ်အားဖြင့် (၆၉) နှစ်မြောက်၊ အကြိမ်အားဖြင့် အကြိမ် (၇ဝ) ထဲ ရောက်လာပါပြီ။ဒီနှစ်ပေါင်း (၇ဝ) အတွင်း ကျွန်မတို့ မသိ မမီလိုက်ရတဲ့ ခေတ်အဆက်ဆက်က အာဇာ နည်နေ့တွေအကြောင်းကို ရှေ့မီနောက်မီ သိမီ ခဲ့ရတဲ့ အသက် (၇ဝ) ကျော် ဆရာ ဦးမင်းသစ် နဲ့ တွေ့ဆုံမေးမြန်းဖြစ် ခဲ့တာတွေကို ပြန်လည် တင် ပြလိုက်ရပါတယ်။

ဆရာရှင့်၊ နှစ်ပေါင်း (၇ဝ) အတွင်း ဆရာ သိမီတွေ့ကြုံခဲ့ရတဲ့ အာဇာနည်နေ့တွေ အကြောင်း မျှဝေပေးပါဦး။

ဒီလိုဗျ၊ ကျွန်တော်က ၁၉၄၆ မှာမွေးတာ။ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ မှာကျွန်တော်က တစ်နှစ်ခွဲသားလောက်ပဲ ရှိပါ သေးတယ်။ ဒီတော့ ပထမအကြိမ်နဲ့ဒုတိယ အကြိမ် အာဇာနည်နေ့တွေကို ကျွန်တော် မသိ မမီလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သုံးနှစ်သား လောက်မှာတော့ အာဇာနည်နေ့ကိုဝိုးတဝါး ခံစားမိလာပါပြီ။ အမေ ကျွန်တော့်ကို ချော့သိပ် တဲ့ သားချော့တေးတွေထဲက ရာဇဝင်အတ္ထုပ္ပတ္တိ လည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက် တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်’ ဆိုတဲ့ သီချင်းကို ကျွန်တော် မပီကလာ၊ ပီကလာ ဆိုတတ်နေပါပြီ။ ဗိုလ်ချုပ်အကြောင်း တိတိပပ မသိရသေးပေမဲ့ဗိုလ်ချုပ်ဟာ ကျွန်တော့်ရဲ့ပထမ ဆုံးသော သူရဲကောင်းဖြစ်နေပါပြီ။ အမေ့ ကျေးဇူးပေါ့ ဆရာမရယ်။

ဒီလိုဆိုရင် ဆရာသိမီလိုက်တဲ့ အာဇာနည်နေ့ တွေအကြောင်းကို ပြောပြပေးပါဦးဆရာ။

ကျွန်တော် သုံးလေးနှစ်သားလောက်မှာ ဇူလိုင် (၁၉) ရက် ရောက်တိုင်း ကျွန်တော်တို့ မိသားစုသီးသန့်ကျင်းပတဲ့ အာဇာနည်နေ့တွေ ပါပဲ။ အမေက အာဇာနည်နေ့ရောက်ရင် အိမ် က အရုဏ်ဆွမ်းကပ်တယ်။ ထိုင်ကိုယ် တော်၊ ရပ်ကိုယ်တော် သံဃာတော်တွေကို ဆွမ်း လောင်းတယ်။မိသားစုအားလုံး ဘုရားရှိခိုးပြီး ဗိုလ်ချုပ်တို့ကို ရည်စူးအမျှဝေတယ်။ ကျဆုံးချိန် ၁ဝ နာရီ၊ ၃၇ မိနစ်မှာ မိသားစုဝင်အားလုံးမတ်တတ်ရပ်ပြီး သတိအနေအထားနဲ့ ဗိုလ်ချုပ် ဓာတ်ပုံကို အလေးပြုကြတယ်။ အမေကတော့ မျက်ရည်တွေ လည်လို့ပေါ့။ဂီတတင်အုံးရေးစပ် ပြီး ဒေါ်မေလှမြိုင်ဆိုတဲ့ ‘နှစ်လရာသီ၊ အခါခါ အလီလီရွေ့ပေမဲ့ အာဇာနည်နေ့ကိုတော့ မမေ့ သင့်ပါပေ’ သီချင်း မြန်မာ့အသံကလာတိုင်း အမေ မျက်ရည်ကျတော့ ကျွန်တော်တို့လည်း လိုက်ပြီး မျက်ရည်ဝဲမိတယ်။ ဆရာမတို့မျိုးဆက် တွေကို လက်ဆင့်ကမ်းမှာချင်တာက အိမ်တိုင်း၊ မိသားစုတိုင်း ကျွန်တော့်အမေကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားလေးနဲ့ အမျှဝေပွဲ လေးတွေ ကျင်းပကြရင် တန်ဖိုးရော အဓိပ္ပာယ် ရော သိပ်ရှိမယ်လို့ ယူဆမိပါတယ်။ တိုက်လည်း တိုက်တွန်းချင်ပါတယ်။

ဆရာတို့ကျောင်းဝမှာရော၊ သားဘအာဇာနည် နေ့ကို ဘယ်လိုဖြတ်သန်းခဲ့ကြရပါသလဲဆရာ။

အာဇာနည်နေ့မှာ ကျောင်းပိတ်တော့ ကျောင်းမပိတ်ခင် တစ်ရက်ရက်မှာ အာဇာနည် နေ့နဲ့ အာဇာနည်ခေါင်းဆောင်တွေအကြောင်း ကိုဆရာ၊ ဆရာမ၊ ဒါမှမဟုတ် ပြင်ပပညာရှင် တစ်ဦးက တစ်ကျောင်းလုံးကို ဟောပြောပါတယ်။ ကျောင်းဘုရားခန်းမှာ ဆွမ်းကပ်ပါတယ်။ တစ်ကျောင်းလုံး ညီတူညာတူသံပြိုင်အမျှဝေကြ ပါတယ်။ အဲဒီအရွယ်မှာတော့ ကျွန်တော်တို့ လည်း မျက်ရည်ကျတတ်နေပါပြီ။ ရပ်ကွက်ဓမ္မာ ရုံတွေ၊ ဇရပ်တွေမှာလည်း ဘုန်းကြီးဆွမ်းကပ် အမျှဝေကြပါတယ်။ အဲဒီကောင်းတဲ့ အမွေအနှစ် လေးတွေကိုလည်း ဆရာမတို့မျိုးဆက်တွေက ဆက်ပြီးထိန်းသိမ်းသင့်တယ် ထင်ပါတယ်ဗျာ။

ဆရာပြောခဲ့တာတွေက လွတ်လပ်ရေးရပြီး ကာလကနေ ၁၉၆၂ မှာ တော်လှန်ရေးကောင်စီ ဆိုတဲ့ စစ်အစိုးရအာဏာမသိမ်းခင် ကာလတွေ တုန်းကပေါ့နော်။

ဟုတ်ပါတယ် ဆရာမ။ အရင်ကတော့ အာဇာနည်နေ့ရောက်ရင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေဖြစ်တဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ပြီး လွမ်းသူ့ပန်းခွေတွေချပြီး အလေးပြုကြပါတယ်။ နောက်ပိုင်းမှာတော့ ရန်ကုန်မြို့တော်ဝန်အဆင့် လောက်ပဲ လာတော့တယ်။ ဇူလိုင် (၁၉)၊ မနက် (၁ဝ) နာရီ၊ ၃၇ မိနစ်မှာ ရန်ကုန်မြစ်ထဲက ရေတပ်သင်္ဘောတွေအပါအဝင် ရေယာဉ်ပေါင်း စုံနဲ့ မြို့ထဲက မီးသတ်စခန်းပေါင်းစုံက ဥသြဆွဲ သံတွေဟာ ကြေကွဲလွမ်းမောစရာကောင်းလှပါ တယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းတမိကြပါတယ်။ ဒါပေမဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို လွမ်းနေကြမှာစိုးလို့ထင်ပါရဲ့။ လုံခြုံရေးနဲ့ အထိတ်တလန့်မဖြစ်စေရေးဆိုတဲ့ ဟာသအကြောင်းပြချက်နဲ့ ဥသြဆွဲခွင့်မပြုတော့ ပါဘူး။ အဲဒီခေတ်တွေကိုတော့ ဆရာမတို့လည်း မီမှာပါ။ ဗိုလ်နေဝင်းနဲ့စစ်ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အတော်ကို ဝန်တိုမစ္ဆရိယစိတ် အားကြီးကြရှာတာပဲ။ အာဃာတလည်း အတော်ကိုထားကြပါတယ်။ သူတို့မသိကြရှာတာက နာမည်ကိုသမိုင်းနဲ့ပဲ တည်ဆောက်လို့ ရတယ်၊ နာမည်ကို အာဏာနဲ့ လုယူလို့မရဘူးဆိုတာပါပဲ ဆရာမ။ အာဇာနည် နေ့ကို တက်ရောက်ဖို့လာကြတဲ့ NLDအပါ အဝင် အသင်းအဖွဲ့တွေကို လမ်းကနေဆီးပြီး ရိုက်နှက်ဖြိုခွဲကြတယ်။ လုံခြုံရေးကားတွေ၊ အချုပ်ကားတွေပေါ်ကိုတိရစ္ဆာန်တွေ ပစ်တင် သလို ပစ်တင်ကြပြီး ထောင်ထဲတိုက်ရိုက်ပို့ကြ တယ်။ နောက်ပိုင်း ဘောင်းဘီချွတ်၊ တိုက်ပုံဝတ် ရပ်+စစ် အစိုးရလက်ထက်မှာတော့ ရှက်တတ် လာကြလို့ ထင်ပါရဲ့။ အာဇာနည်နေ့မှာ ယဉ်ကျေးမှုလေးတွေ ပြန်တွေ့လာရပါတယ်။ သာဓုပါဗျာ၊ သာဓုပါ။ကဲ…လာမယ့် အာဇာနည်နေ့အခမ်းအနားကို NLDအစိုးရက ဘယ်လိုကျင်းပမလဲဆိုတာကိုလည်း အားရပါးရ စောင့်ကြည့်လိုက်ချင်ပါသေးတယ်ဗျာ။

ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးတစ်ခု မေးချင်တာ က ဗိုလ်ချုပ်တို့ ကျဆုံးသွားပုံနဲ့ ပတ်သက်ပြီး ဂဠုန်ဦးစော တရားခံဆိုတဲ့အထိလောက်ပဲသိကြရတယ်ဆရာ။ ဖတ်ဖူး မှတ်ဖူးသမျှကတော့ ဦးစောနဲ့သူ့ရဲ့ လက်မရွံ့တွေအပြင် ပတ်သက် ဆက်စပ်မှုတွေ မမြင်သာတဲ့ကွင်းဆက်တွေ ရှိသေးတယ်လို့ ဝိုးတဝါးသိကြရပါတယ် ဆရာ။ ဆရာ့အမြင်နဲ့ အယူအဆကိုလည်း ကြားပါရစေ ဆရာ။

ဆရာမရေ… ပြည်တွင်းရော၊ ပြည်ပမှာ ပါ ထုတ်ဝေကြတဲ့ ‘ဗိုလ်ချုပ်ကို အမှန်တကယ် ဘယ်သူသတ်သလဲ’ ဆိုတဲ့ စာအုပ်စာတမ်းတွေ အများကြီး ဖတ်ဖူးပါတယ်။ အမှန်တရားနဲ့ အတော်လေး နီးစပ်တာတွေလည်း တွေ့ရတယ်။ ဘယ်သူဘယ်ဝါက အတိအကျပြောတယ်ဆိုတဲ့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ အကြားစကား တွေလည်း တွေ့ရတယ်။ တချို့စကားတွေဆိုရင်ဖစ်နိုင်ခြေ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ် ထင်ပါတယ်။ ဒါပေမဲ့ ၈ဝ ရာခိုင်နှုန်းဆိုတာ ၁ဝဝ ရာခိုင်နှုန်း မဟုတ်ဘူးလေ ဆရာမရဲ့။ဥပမာ ဆရာမရယ်၊ သံလျက်စွန်း CODက ဘရင်းဂန်းအလက် ၂ဝဝ ပျောက်သွားတယ်။ အဲဒီတုန်းက ဗြိတိသျှတွေရဲ့ အာဏာစက်ကမလွတ်သေးတဲ့ CASB လက်ထက်လေ ဆရာမ ရဲ့။ အဲဒီဘရင်းဂန်း ၂ဝဝ ကို အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန်ဗီဗီယန်တို့ လက်ချက်လို့ပြောတယ်။ အဲဒီဗီဗီယန်ကို အင်းစိန်ထောင်ပို့တယ်။ ကရင် အရေးအခင်းမှာ အင်းစိန်ထောင်က လွတ်သွား တယ်။ ခဝဲခြံ၊ မင်းဓမ္မကုန်းနဲ့ အင်းစိန်ကနေ ကရင်တွေ ဆုတ်သွားတော့ သူလည်းပါသွား တယ်။ နောက်တော့ ကရင်ခေါင်းဆောင်စောဘ ဦးကြီးနဲ့မရှေးမနှောင်းမှာပဲ သူ့ကိုလည်းတိုက်ပွဲ မှာ အသေဖမ်းမိတယ်။ အဲဒီမှာ ကွင်းဆက်တစ်ခု ပြတ်ပြန်ရော။နောက်ပြီး ဦးစောကို ကြိုးမပေးခင် ထောင်အမှုထမ်းတွေကတစ်ဆင့် ပြင်ပကို လျှို့ဝှက်ဆက်သွယ်တဲ့ စာတွေထဲမှာ ‘ဟိုအရပ် မြင့်မြင့် လူဖြူဖြူကြီးကို ပြောပးပါဦး’ ဆိုတဲ့ စာတစ်စောင် ပါလာတယ်။ အဲဒီအရပ်မြင့်မြင့် လူဖြူဖြူကြီးဆိုတာ ဗမာလား၊ တရုတ်လား၊ အင်္ဂလိပ်လား၊ ခုထိ သဲသဲကွဲကွဲမသိကြရသေးပါ ဘူး။ ခန့်မှန်းချက်တွေကတော့ မျိုးစုံထွက်လာ တာပေါ့လေ။

ရန်ကုန်ဘဆွေနဲ့ရော ဘယ်လိုပတ်သက်ခဲ့လဲ ဆရာ။

အဲဒါလည်း ခုထိတော့ ပါးစပ်ရာဇဝင် အဆင့်ပဲ သတ်မှတ်ရမှာပါပဲ ဆရာမရေ။ ရန်ကုန်ဘဆွေလည်း ကွယ်လွန်သွားပါပြီ။ ကျွန်တော်ကလည်း မျိုးဆက်ကွာဟမှုနဲ့ ဖြတ် သန်းမှုချင်းမတူတဲ့အတွက်ကြောင့် ဆရာ ရန်ကုန်ဘဆွေနဲ့ ထဲထဲဝင်ဝင် မရင်းနှီးခဲ့ရပါဘူး။အနီးစပ်ဆုံး ယုံကြည်လောက်တဲ့ သတင်းတစ် ပုဒ်အရတော့ ရန်ကုန်ဘဆွေနဲ့ သူ့ရဲဘော်တစ် ယောက်က ဦးစော မြို့ထဲကအပြန်မှာ သေနတ် နဲ့ ပစ်ကြတယ်တဲ့ဗျ။ အင်မတန် သေနတ်ပစ် ဖြောင့်တဲ့လူတွေလို့ တော်လှန်ရေးသမိုင်းမှာ ထင်ရှားတဲ့သူတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်က ကံဆိုးချင်တော့ ဦးစောရဲ့ မျက်လုံးနားကိုပဲ ရှပ်မှန်သတဲ့။ ဦးစော ဆေးရုံ တက်တော့ဗိုလ်ချုပ်ကိုယ်တိုင် လူနာသွားမေးပါ သေးတယ်။ ဒါပေမဲ့ ဦးစောကတော့ ဒါဟာ ဗိုလ်ချုပ်နဲ့ သူ့ရဲ့ပြည်သူ့ရဲဘော်တွေရဲ့ လက်ချက် လို့ အထင်မှားသွားပါသတဲ့။ ပြည်သူ့ရဲဘော် တွေ၊ ပြောက်ကျားတွေရဲ့ လက်ချက်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ဒီလို ချောင်းမြောင်းလုပ်ကြံတဲ့ အလုပ်မျိုးကို တစ်သက်မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ ဘယ်သူမဆို ဒီလိုပဲယုံကြည်ကြမှာပါပဲ။

အာဇာနည်နေ့ရဲ့ အရသာကို ဝမ်းနည်းခြင်း နဲ့ တွဲဖက်မှတ်မိ ခံစားခဲ့ရပါတယ် ဆရာ။ ကျွန်မ တို့ ဘာကြောင့် ဝမ်းနည်းခဲ့ရသလဲဆိုတဲ့ အရာ ပေါ် ကျွန်မတို့ရဲ့ လက်ရှိအခြေအနေနဲ့ ထင် ဟပ်ပြီး ပြောပြပေးပါလားရှင်။

ဟုတ်ပါတယ်ဗျာ။ ဝမ်းနည်းခြင်းနဲ့ တွဲဖက် ခံစားရတဲ့ ကရုဏာရသကို ခံစားခဲ့ကြရတာပေါ့။ ဘာကြောင့် ဝမ်းနည်းခဲ့ရသလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အဲဒီကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးကို ကနေ့ အထိ အစားထိုးလို့ မရသေးလို့ပါ။စစ်အစိုးရလက်ထက်မှာ အမှောင်ချခံခဲ့ရတဲ့ အာဇာနည်နေ့ဟာ ဒီနေ့ဒီအချိန်၊ ဒီနေ့ခေတ် လူငယ်တွေနဲ့ ကျွန်မတို့ သိပြီးသား၊ ရှိပြီးသား။

လူလတ်လူကြီးတွေရဲ့ ရင်ထဲပေါ့ပျက်ခဲ့ပြီလို့ ဆရာထင်ပါသလားရှင်။

ဟုတ်တယ်ဗျ။ အမှောင်ချခံရတဲ့ ကာလ တွေ ကြာရှည်လွန်းတော့ အဲဒီခေတ်ပျက်ကြီးထဲ မှာ လူဖြစ်ခဲ့ကြရတဲ့ လူငယ်တွေ၊ လူလတ်တွေ အတွက်တော့ ပေါ့ပျက်သွားတာပေါ့ဗျာ။ လူကြီး အများစုကတော့ နက်နက်ရှိုင်းရှိုင်း ခံစားကြရ မယ်လို့ ထင်ပါတယ်။ ဝန်တိုမစ္ဆရိယစိတ်တွေ အာဃာတတွေရှိနေကြတဲ့ အချိန်မစီးတဲ့ အသက် ကြီးကြီးတွေအတွက်တော့ မေ့ပျောက် ဖို့ပဲ ကြိုးစားနေကြမှာပါ။

သမိုင်းတစ်ခု ဖျောက်ဖျက်ခံရတဲ့ အချိန်ကာလ ကြာတဲ့အခါ အဲဒီသမိုင်းဟာ လူတွေဆီမှာ တကယ်ပဲ ဖျောက်ဖျက်သွားနိုင်ပါသလားရှင်။

ဘယ်ပျောက်ပါ့မလဲဗျာ။ သမိုင်းကတော့ ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူးဗျ။ လူတွေ ပဲ ပျောက်ကုန်ကြတာ။ ဒါပေမဲ့ တချို့လူတွေ ကတော့ လူသေသွားပေမဲ့ သမိုင်းနဲ့အတူကျန်ရစ် ခဲ့ကြပါတယ်။ လူသားမျိုးနွယ် (mankind) ထဲက လူအစစ်တွေပါ။

လူသားမျိုးနွယ် အချိန်ကာလနဲ့ သမိုင်း ကျွန်မ တို့ ဆရာတို့ လွမ်းဆွေးတသဆဲ အာဇာနည်နေ့ နဲ့ စပ်လျဉ်းတဲ့ တစ်စုံတစ်ခုကို ညွှန်းဆိုပေးပါဦး ဆရာ။

လူသားမျိုးနွယ်ဆိုတာ ကျွန်တော်တို့အုပ်စု ကြီးပေါ့။ ကျောရိုးရှိ နို့တိုက်သတ္တဝါတွေထဲမှာ အမြင့်ဆုံးပေါ့။အချိန်ကာလနဲ့ သမိုင်းကတော့ နာကျင်မှုတွေ ပိုများပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ မြန်မာတွေအတွက် အနာကျင် အခံခက်ဆုံး နေ့တွေထဲမှာ အာဇာနည်နေ့က ထိပ်ဆုံးက ပါပါတယ်။ အဲဒီဒဏ်ရာက ခုထိ မကျက်သေးပါဘူး။ ကနေ့အထိပြည်တွင်းစစ် တွေနဲ့ သွေးစိမ်းရှင်ရှင် ထွက်နေရတဲ့ မြန်မာပြည် ဟာ အဲဒီအာဇာနည်တွေ ကျဆုံးခဲ့ကြရကတည်း က ခဏပါပဲ။

ဆရာ့အနေနဲ့ရော မှတ်ချက်တစ်စုံတစ်ရာ ပေးချင်ပါသေးသလား ဆရာ။

မပေးချင်တော့ပါဘူးဗျာ။ ‘၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်ကို အမှန် တကယ် ဘယ်သူတွေ သတ်ခဲ့သလဲ’ ဆိုတဲ့ မေးခွန်းနဲ့ ‘၁၉၆၂ ခုနှစ်၊ ဇူလိုင်လ၊ ၈ ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦ (Student Union Building) ) ကြီးကို ဘယ်သူတွေ ဗုံးခွဲဖြိုချခဲ့သလဲ’ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကျွန်တော်တို့မျိုးဆက်မှာပီပီ ပြင်ပြင် မဖြေနိုင်ခဲ့ကြပါဘူး။ တရားခံတွေ အားလုံးကလည်း သေကုန်ကြပြီလေဗျာ။ အဖြေမှန်ကို ဆက်ရှာကြရမှာကတော့ဆရာမ တို့ မျိုးဆက်တွေ တာဝန်ပဲဗျ၊ ကဲ… ကျေနပ် ပြီနော်။

။ကျေနပ်ပါတယ် ဆရာ။ ကျေးဇူးပါရှင်။

အေးမွန်

Both comments and pings are currently closed.