အလံမပါတဲ့ အလွမ်းစာ

လေကငြိမ်နေတယ်
စိတ္က မၿငိမ္ဘူး
ရထားတစ်စင်း ထွက်ခွာသွားချိန်
လေယာဉ်တစ်စင်း ပျံတက်သွားချိန်
ဘတ်စ်စကားတစ်စင်း ခရီးထွက်သွားချိန်
ချိန်ခြင်းမေတ္တာဟာ အလွမ်းကို ထုတ်လုပ်သလား
အလွမ်းဟာအသံကို အက်ကွဲစေသလား
တစ်ယောက်တည်းမေးခွန်းတွေနဲ့
တစ်ယောက်တည်းယိမ်းထိုးနေရတဲ့ကမ္ဘာ
မိုးက ရွာလာတယ်
နှလုံးသားက နာလာတယ်
ခွဲခွာခြင်းဟာ မျက်ရည်ကျအောင်ရသမြောက်ပါလား
ဘယ်လောက်ကြာဦးမှာလဲ
ကိုယ်မပါနိုင်သေးတဲ့ ညစာစားပွဲများ
ကိုယ်မလာနိုင်သေးတဲ့ မင်းမွေးရက်များ
နံရံထက်က ပြက္ခဒိန်ကို ပြန်ကြည့်တယ်
နွေးထွေးသော အိမ်
နွေးထွေးသော အပြုံး
နွေးထွေးသော အနမ်း
နွေးထွေးသော လက်
ကိုယ့်အပြီးသတ် ဆိုက်ကပ်ရမယ့် ဆိပ်ကမ်းလေး
အိပ်မက်တွေ တစ်ခုမှ အသက်ဝင်မလာသေး
ငါတို့နှစ်ယောက်အကြား
ခြားထားတဲ့မြစ်က ကျယ်လွန်းသလား…။
လမ်းတွေက ကြမ်းတယ်
တောင်တွေကမြင့်တယ်
ငါ့ကိုယ်ငါ ရဲရဲရင့်ရင့် ဆွဲဖွင့်ဖို့
မင်းအချစ်လိုတယ်
မင်းအပြုံးလိုတယ်
မင်းအသံလိုတယ်
ပြီးတော့ မင်း…လိုတယ်။
မနက်ဖြန်လား
သန်ဘက်ခါလား
ငါတို့အတွက် အရေးတကြီးလိုအပ်မယ့် ထိုးမြဲလက်မှတ်
အိပ်မက်ထဲထိ လက်ရေးကျင့်မိတယ်။

နွေလူသစ်

Both comments and pings are currently closed.