ကြယ်တစ်ပွင့် မွေးဖွားခြင်း


”သက်ရေ …”
”ဟော… ကို နိုးပြီလား၊ ဒီမှာ မနက်စာ အဆင်သင့်ပဲ စားလို့ရပြီ”
”ဒါနဲ့…သားရော၊ မရှိဘူးလား”
”မနက်အစောကြီးကတည်းက ထွက်သွားပြီ ကိုရဲ့”
”ဘာဖြစ်လို့”
”သူငယ်ချင်းတွေနဲ့ပေါင်းပြီး ပရဟိတလုပ် ဖို့တဲ့ ကိုရေ”
”ဟုတ်လား… ဒီကောင်ကြီး ဒါတွေ စဉ်းစားတတ်လာပြီလား”
”ဟိုလေ… ဆရာဝန်အသင်းက လူငယ် သင်တန်းတက်ပြီးကတည်းက အဲဒီက သူငယ် ချင်းတွေနဲ့ တွဲမိနေပြီလေ”
”အေးပါကွာ.. ကောင်းတဲ့ပတ်ဝန်းကျင် ကိုရောက်ရင် ကောင်းတာတွေ လုပ်ဖြစ်တော့ မှာပေါ့ ”
ဟုတ်ပါသည်။ ဝေယံသက်ကို တစ်ယောက် လူငယ် သင်တန်း တက်ပြီးနောက်ပိုင်း သင်တန်းမှာ ရင်းနှီးခဲ့သော ဆေးတက္ကသိုလ်မှ ကိုဇေယျာထွန်းနဲ့ မကြာခဏ ဆုံဖြစ် လာသည်။ သူက ဝေယံ့အိမ်ကို လာလည်တတ်သလို ဝေယံ ကလည်း ကိုဇေယျာထွန်း တို့အိမ်ဘက် ခြေဦး လှည့်တတ်သည်။ အခု ဝေယံက ဆယ်တန်း စာမေးပွဲ လည်း ဖြေပြီးပြီမို့ အချိန်ပိုတွေ များလာ သလို ဒီသူငယ်ချင်းတွေ နဲ့ မကြာခဏတွေ့ဆုံပြီး လူငယ်လှုပ်ရှားမှုတွေမှာ ပါဝင်လာသည်။
”ကိုရေ နောက်ပြီး သားက အခုဆိုရင် အချိန်မှန် အိပ်ရာထတတ်နေပြီ”
”တယ်ဟုတ်ပါလားကွ”
”ဟုတ်တယ်၊ အချိန်ကို တော်တော်လေး သတိထားပြီး နေတတ်လာတာ တွေ့ရတယ်”
”အေးပါကွာ ဒါဆိုရင်လည်း သားကြီး အတွက် ကောင်းတာပေါ့”
ဝေယံ့အတွက် သူတို့စိတ်ပူနေတာက အပေါင်းအသင်းမှားမှာ၊ နေတာထိုင်တာ စနစ် မကျမှာ ဖြစ်သည်။ တစ်ဦးတည်းသောသားများ သည် တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်တတ် ကြသည်။ အများအတွက် မတွေးပေးတတ်၊ အခုလို အပေါင်းအသင်းကောင်းများနှင့် ပရဟိတလုပ်ငန်းများကို လုပ်လာခြင်းသည် ကောင်းသောလက္ခဏာမို့ မိခင်နှင့် ဖခင်နှစ်ဦး အတွက် ကျေနပ်စရာ။
”ဒါနဲ့ အခုဘယ်ကိုသွားကြတာတဲ့တုံး”
”သန်လျင်ဘက်က မိဘမဲ့ဂေဟာတဲ့’
”သြော်… မိဘမဲ့ကလေးတွေအတွက် ကုသိုလ်သွားလုပ်ကြတာပေါ့”

”ဟုတ်တယ်၊ ဟိုလေ… ဆေးတက္ကသိုလ် ပထမနှစ်ရောက်နေတဲ့ သူငယ်ချင်းက သူ့စီနီယာ တွေ စီစဉ်တာတဲ့၊ သက်ကိုလည်း သူကိုယ်တိုင်ပဲ လာခွင့်တောင်းလို့ ထည့်လိုက် တာ”
”အေးပါ ကောင်းပါတယ်၊ သွားရေးလာ ရေးတော့ သတိထားသွားလာကြဖို့ သတိပေး လိုက်ပါဦးကွာ”
”ဒါကိုတော့ သက်လည်း အမြဲသတိပေး ပါတယ် ကို”
”အေး..အေး..ဘာပဲဖြစ်ဖြစ် ရပ်ကွက် ထဲက ဟိုယောင်ယောင် ဒီယောင်ယောင် ကလေးတွေနဲ့ပေါင်းပြီး အချိန်မကုန်စေဖို့က အရေးကြီးတယ်လေ”
”သားက အေးအေးဆေးဆေး ပုံသွင်းရင် ရတဲ့ကလေးမျိုး မဟုတ်လားကိုရဲ့”
”ဟုတ်ပါတယ်ကွာ”

မျက်မြင် ကိုယ်တွေ့ တွေ့နေရသော မိဘမဲ့ ကလေးများကို ကြည့်၍ ဝေယံ့ စိတ်ထဲမှာ ဝမ်းနည်းမိသည်။ သူတို့ တစ်တွေက ဝေယံ့မှာလို အဖေအမေ မရှိကြ။ မိဘ မဲ့ပြီး ကျွေးမွေးမည့် သူ မရှိ။ အခုလို စုစုစည်းစည်း နဲ့ ဂေဟာဖွင့်ပြီးစောင့် ရှောက်သူရှိလို့သာ။ ဒီလိုသာ မဟုတ်ရင် လမ်း ဘေးမှာ သူတို့ဘဝ ကျင်လည် ကြရမှာဖြစ် သည်။
”ဟေ့..ဝေယံ ဘာတွေတွေးနေတာလဲ”
”သြော်…ကိုဇေယျာ၊ ဟိုလေ… ဒီကလေးတွေကြည့်ပြီး သနားလို့ပါ။ နောက်ပြီး ကျွန်တော့်ဘဝ နဲ့ယှဉ်ကြည့်ပြီး တော်တော်စိတ် မကောင်း ဖြစ်မိတယ်”

”ဟုတ်တာပေါ့ ငါ့ညီရဲ့၊ တို့တစ်တွေက အများကြီးကံကောင်းတယ်လို့ ဆိုရမှာပေါ့။ မိစုံ ဖစုံနဲ့နေခွင့်ရတယ်၊ စားရေးသောက်ရေး၊ အဝတ်အထည် ဘာတစ်ခုမှမပူပင်ရဘူး မဟုတ် လား”

”ဒါတောင်မှပဲ ကျွန်တော်တို့က တစ်ခါ တလေ ကိုယ်မကြိုက်တဲ့ အစာဆိုရင် မျက်နှာ မသာမယာ ဖြစ်တတ် ကြသေးတာ၊ ဒီမှာတော့ သူတို့ တစ်တွေက ကျွေးတာကိုပဲ မြိန်မြိန်ယှက် ယှက် စားနေကြတာလေ၊ ရွေးချယ်ဖို့ဆိုတာတော့ ဝေလာဝေးပဲ”

”အဲဒါကြောင့် တို့တစ်တွေရဲ့မိဘတွေ အပေါ် ပိုပြီးကျေးဇူးတင်စရာကောင်းနေပြီ မဟုတ်လား”

”ဟုတ်တယ် ကိုဇေယျာ၊ တွေးလေတွေးလေ ကျေးဇူးတင် စရာကောင်းလေပဲ။ ကျွန်တော့်မှာ တစ်ခါမှ ဆာလောင် မွတ်သိပ်တယ်ဆိုတဲ့ ခံစား ချက်မျိုး မရှိခဲ့ဘူး။ သူတို့ တစ်တွေ မှာတော့ ဒီလို ခံစားမှုမျိုး ရှိခဲ့ကြမှာပဲနော်”

မပြည့်စုံသော ဘဝတွေကို မြင်လာရတဲ့ အခါမှာတော့ ဝေယံ တစ်ယောက် သူ့ရဲ့ပြည့်စုံ တဲ့ဘဝအပေါ် တန်ဖိုးထား ရကောင်းမှန်း ပိုပြီး နားလည် လာခဲ့ရ သည်။ ဖေကြီးနှင့်မေသက်ကို လည်း ဘယ်လိုကျေးဇူး ဆပ်ရမှန်း မသိတော့။ ဝေယံ့ဘဝမှာ အစားအသောက်ဆို အဆင်သင့်။ အဝတ်အစားဆို ထည်လဲ ဝတ်စရာ အရေအတွက် အများကြီး။ သွားရေးလာရေး အတွက်လည်း ပူပင်စရာမလို။ မုန့်ဖိုး ဆိုတာကလည်း မလုံ လောက်တာ မရှိခဲ့ဘူး။ ဒါတွေအားလုံး က ဖေကြီးနှင့်မေသက် တို့ရဲ့ မေတ္တာ၊ စေတနာတွေ ကြောင့် ဒီလိုပြည့်စုံတဲ့ဘဝကို သူပိုင်ဆိုင်ခွင့် ရရှိခြင်းဖြစ်သည်။

 ”ကိုဇေယျာ ကျွန်တော်တို့တစ်တွေ ဒီလိုမျိုး တွေ မကြာခဏ လုပ်ကြရအောင်နော်”

”အေးပါ… အစ်ကိုတို့ ကျောင်းပိတ်ရက် မှာ ကိုယ်တို့စီနီယာတွေစီစဉ်တာနဲ့ တိုက်ဆိုင်ရင် လိုက်ကြတာပေါ့”

”နောက်ပြီး နောက်တစ်ခါကျရင် ကျွန်တော်ကိုယ်တိုင် ငွေအင်အားနဲ့ပါ လှူနိုင် အောင် ဒီနေ့ကစပြီး ကျွန်တော့်မုန့်ဖိုးတွေကို အကုန်မသုံးဘဲ စုထားမယ်”

”ဟာ ကောင်းလိုက်တဲ့ အတွေးကွာ”

”မေသက်”
”ပြောလေ သား”
”ဟိုလေ သားရဲ့ အရင်တုန်းကအင်္ကျီ အဟောင်းတွေ ရှိသေးတယ်မဟုတ်လားဟင်”
”ရှိတယ်လေ သားရဲ့၊ ဟိုသေတ္တာကြီးထဲမှာ စုပြီး သိမ်းထားတယ်”
”ဒါဆိုရင် သားရဲ့အဝတ်အစားတွေကို ဟိုမိဘမဲ့ကလေးတွေကိုပေးရင် ရလား မေသက်”
”ဘာလို့မရမှာလဲ သားရဲ့၊ ရတာပေါ့”
”အဲဒါဆိုရင် ဒီတစ်ပတ် သားရဲ့အဝတ် အစားတွေကို သားပြန်ပြီး ထုတ်ထားလိုက်မယ် နော်၊ နောက်တစ်ခါ  မိဘမဲ့ဂေဟာ သွားရင် ပေးနိုင်အောင်လို့”

သက်နှင့်ကို မိဘနှစ်ပါးစလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ဖြစ်ကြသည်။ နှစ်ယောက်စလုံး ရဲ့ မျက်နှာများကတော့ ကျေနပ်နေသည့် အဓိပ္ပာယ်တွေနှင့်။ အခုတော့ သားက စာတော်ပြီး အားကစားထူးချွန်သူတစ် ယောက်သာမက လူကောင်းလေး တစ်ယောက်    ဖြစ်လာတော့မည်။ လူသားဆန်သော အတွေး များ၊ လူသား ဆန်သောလုပ်ရပ်များ၊ လူသားဆန် သော စိတ်ကူးများရရှိလာသည်။ ထိုအခိုက် တစ်ဖက်အိမ်မှလွင့်ပျံ့လာသော သီချင်းလေး တစ်ပုဒ် ကြားလိုက်ရသည်။

 ”လူချွန် xxx လူကောင်း xx လေးတွေ ဖြစ်အောင် xxx မြေတောင် xx မြှောက်ကာ မြှင့်တင် xx ကစားခုန်စား xx စွမ်းအား ဘက်တွင် xxx စံချိန် xxxxx”

လူချွန်လူကောင်း သီချင်းဖြစ်ပါသည်။ မိဘတွေ ရူးသွပ်ရသော ကိစ္စ၊ ကိုယ်မွေးထားသော ကိုယ့် သားသမီး များကို လူချွန် လူကောင်း၊ လူတော် လူကောင်းလေးတွေ ဖြစ်စေချင်သော ဆန္ဒ၊ အများ အလယ်မှာ မျက်နှာမငယ်ဘဲ ဂုဏ် ရှိစွာရပ်တည်နိုင်သော  သားသမီးများ ကို မြင် လိုသည်မှာ မိဘတိုင်း၏ သဘာဝ ဖြစ်ပါသည်။ သက်နှင့်ကို မိဘနှစ်ပါး စလုံး ပြုံးမိလိုက်ပါသည်။ ကျေနပ်သည့် အပြုံး၊ ဝမ်းသာသည့် အပြုံး။

”ကိုရေ… သက် ပြောစရာရှိတယ်”
”ဘာလဲ သက်ရဲ့”
”သားရဲ့အခန်းထဲက သူ့အံဆွဲထဲမှာ ပိုက်ဆံတွေ တွေ့တယ်”
”သက်ကလည်း ပိုက်ဆံတွေ့တာ ထူးဆန်း လား။ သက်ပဲမုန့်ဖိုးပေးနေတာ မဟုတ်လား”
”ဟုတ်တာပေါ့၊ ဒါပေမဲ့ ထူးဆန်းတာက အရင်ဆို ဒီလိုမျိုး မရှိဘူး၊ သူ့မုန့်ဖိုး အကုန် သုံးတာပဲလေ၊ အခု အများကြီးတွေ့နေလို့”
”သားကို မေးကြည့်ပြီးပြီလား၊ ဘာလုပ်တာ လဲဆိုတာ”
”မေးမကြည့်ရသေးဘူး၊ အဲဒါ မေးရ ကောင်းမလား၊ မကောင်းလား စဉ်းစားနေတာ နဲ့”
”ဟုတ်လား”
”နောက်ပြီး မုန့်ဖိုးပေးရင် အရင်ကလို မလောက်ဘူးတို့၊ ပိုပေးပါဦးတို့ မပြောတော့ ဘူး”
”အင်း…”
သက်ပြောကာမှ ကိုလည်း အံအား သင့် သွားသည်။
”သက် ပေးသလောက် ကိုပဲ ယူတယ်၊ ပြီးတော့ မုန့်ဖိုးတွေကို စုထားတယ် ထင်တယ် နော်”
”သူ့မှာ ရည်ရွယ်ချက် တစ်ခုခု ရှိလို့ နေမှာ ပေါ့၊ ဝယ်ချင်တာ များ ရှိနေလို့လား၊ သူက ပူဆာထားပြီး တို့တစ်တွေ ဝယ်မပေးတာ ဘာရှိလဲ”
”ဘာမှမရှိပါဘူးကိုရဲ့၊ အားလုံးပြည့်စုံ နေတာပဲ၊ မကြာခင် အောင်စာရင်း ထွက်ရင်သာ ဖုန်းဝယ်ပေးရမယ်လေ”
”အင်း… ဟုတ်သားပဲ၊ အောင်စာရင်း ထွက်ရင်တော့ ဖုန်းဝယ်ပေး ရတော့မှာပဲ၊ တို့တစ်တွေရဲ့ ကတိအတိုင်းပေါ့၊ အင်း.. ဒါနဲ့ သား ပြန်မရောက်သေးဘူးလား”
”ဒီနေ့ ဆရာဝန်အသင်းက သင်တန်းမှာ လုပ်အားသွားပေးတယ်တဲ့၊ ဇေယျာထွန်းဆိုတဲ့ ကလေးက လာခေါ်သွားတယ်”
ဘာ့ကြောင့် ဝေယံ ပိုက်ဆံတွေ စုထားရ သလဲဆိုတဲ့ အဖြေကို စဉ်းစားလို့မရသော်လည်း သက်နှင့်ကိုတို့ နှစ်ယောက်လုံး ယုံကြည်သည်မှာ မကောင်းတာလုပ်ဖို့တော့ မဖြစ်နိုင်။ သို့လော သို့လော ဖြစ်နေသော်လည်း စိတ်ထဲမှာတော့  မပူပင်မိကြပါ။

”မေသက် သား ပြန်လာပြီ”
”သြော်…အေး .. အေး၊ သား ပင်ပန်း လာသလား”
”မပင်ပန်းပါဘူး မေသက်ရဲ့၊ သားခြေလက် ဆေးလိုက်ဦးမယ်၊ ပြီးမှ မေသက်ကိုကူမယ် လေ”
”ခဏ ချွေးတိတ်အောင် နားပါဦး သားရဲ့၊ ရေလည်းဝအောင်သောက်ပြီးမှ ခြေလက် ဆေးနော်”
”ဟုတ်”

အခုဆိုရင် အိမ်အလုပ်များကိုလည်း ကူလုပ်တတ်သော ဝေယံဖြစ်လာသည်။ အရင် တုန်းက မိမိမရှိလျှင် သက် တစ်ယောက်တည်း ချာချာ လည်ရသည်။ အခုတော့ မိမိ မရှိလည်း သက် သိပ်မပင်ပန်း။ ဝေယံက တစ်ဖက်တစ် လမ်းမှ ကူဖော်လောင်ဖက် ရလာသည်။ မိမိမရှိ သောနေ့များတွင် သူ့အင်္ကျီအဝတ်အစား များကို  သူကိုယ် တိုင်လျော် သည်။ မီးပူတိုက်သည်။ ညနေဆိုရင် ကားရေဆေးသော အလုပ်ကိုလည်း သူ့အဖေ အတွက် လုပ်ပေးတတ်သည်။

 ”မေသက်…သား ဘာလုပ်ပေးမလဲ”
”ပြီးနေပြီသားရဲ့၊ ဘာမှ မကျန်တော့ဘူး။ ဖေကြီးပြန်လာရင်သာ ဟင်းတွေ နွှေးရမယ်၊ ဒါဆိုရင် အိမ်ရှေ့မှာ နည်းနည်းပါးပါး သန့်ရှင်း ထားလိုက်ပါလား သား”
”ဟုတ်…သားလုပ်ထားလိုက်မယ်လေ၊ ပြီးမှပဲ သားရေချိုးတော့မယ်”
”အေးပါ သားရယ်၊ ပန်းအိုးတွေကို သေ သေချာချာကိုင်နော် သား၊ ကျကွဲနေဦးမယ်”
”ဟုတ်ကဲ့ပါ မေသက်ရဲ့”

သက်တစ်ယောက် တစ်နေ့စာ ပင်ပန်းသမျှ ပင်ပန်းမှုတွေ ဘယ်ရောက်ကုန်သည် မသိ။ သားရဲ့ သိတတ်မှုကြောင့် ပီတိတွေ ဖြစ်ရသည်။ ကြည်နူးရသည်။ ဒီလို ကြည်နူးနေရင်း သက် မေမေ့ကို သတိရသွားမိသည်။

 ”သြော်… မေမေ့ဆီတောင် ဖုန်းမဆက် ဖြစ်တာ တစ်ပတ်ကျော်ပြီ၊ ထမင်းစားပြီးရင် ဆက်လိုက် ဦးမှာပါပဲ” ဆိုသော အတွေးတို့ ဝင်လာသည်။

”မေမေလား၊ သမီးပါမေမေ နေကောင်းရဲ့ လားလို့ သမီးဖုန်းမဆက်ဖြစ်လို့”
”ကောင်းပါတယ် သမီးရယ်၊ သမီးအဖေက တော့ မနေ့ကသွေးနည်းနည်းတိုးတယ် ထင်ပါ ရဲ့”
”ဟုတ်လား… ဆေးခန်းပြပြီးပြီလား၊ ကို့ကိုလွှတ်လိုက်မယ်လေ ဆေးခန်းပြလို့ရ အောင်”
”သမီးအဖေအကြောင်းလည်း သိသားနဲ့ သူ့ဘာသာသူ သိတယ်တဲ့၊ အစားအသောက် ဆင်ခြင်ရင် ရပြီတဲ့”
”ဟုတ်ရဲ့လား မေမေရယ်၊ ဒါဆို ဒီစနေ၊ တနင်္ဂနွေ သမီးတို့လာခဲ့ပါဦးမယ်”
”အေးပါ လာကြတော့လည်း တွေ့ရတာ ပေါ့၊ စိတ်မပူပါနဲ့ကွယ်”

ကိုယ့်မိသားစု အရေး၊ နေ့စဉ်အိမ်မှု ကိစ္စများ နှင့် ရှုပ်ထွေးနေ ရသောကြောင့် သက်မှာ မေမေ တို့ဆီကို ဖုန်းမဆက်ဖြစ်ခဲ့။ မေမေ တို့ကလည်း ကိုယ့်သားသမီး ကရိကထ များမှာ စိုးသော ကြောင့် ဘယ်သောအခါမှ မတောင်းဆို။ ကိုယ် တိုင်ကသိတတ်ပြီး ဂရုတစိုက် သတင်းမေးရ သည်။ ဘာပဲဖြစ်ဖြစ် ဖေဖေရော မေမေပါ အကြမ်းဖျင်း ရောဂါ ကြီးကြီးကျယ်ကျယ် မရှိ တာဘဲ တော်သေးတယ်ဟု တွေးမိသည်။

 ”သက်ရေ”
”ဟော… ကို ပြန်လာပြီလား”
”ဘယ်သူ့ဖုန်းလဲ”
”မေမေ့ဆီ ဆက်တာကိုရဲ့၊ ဖုန်းမဆက်မိတာ တစ်ပတ်ကျော် သွားတယ်လေ”
”အေး… အေး…ဘာတဲ့လဲ၊ နေကောင်းကြသတဲ့လား”
”ဖေဖေကတော့ သွေးတိုးတယ် ထင်တယ် လို့ ပြောနေတယ်၊ အဲဒါ ဒီစနေဖြစ်ဖြစ်တနင်္ဂနွေ ဖြစ်ဖြစ် သွားလိုက်ကြရအောင်လေ”
”ကောင်းသားပဲ၊ ဒါနဲ့ သက်ရေ… နောက်တစ်ပတ်ဆို သားတို့ စာမေးပွဲအောင် စာရင်းတွေ ထွက်တော့မယ် ထင်တယ်”
”ဟုတ်လား…သားတော့မသိဘူး၊ သက် တော့ တွေးပြီးရင်ခုန်မိတယ်၊ သားက အောင်မှာ သေချာပေမဲ့ ဂုဏ်ထူးနည်းနေမှာကြောက် တယ်”
”သက်ရယ်…ဂုဏ်ထူးနည်းနည်းများ များ အရေးမကြီးပါဘူးကွာ၊ တကယ်အရေးကြီး တာက သားဝါသနာပါတဲ့ အသက်မွေးဝမ်း ကျောင်းပညာကို ဆက်တက်နိုင်ပြီး လူကောင်း တစ်ယောက် ဖြစ်လာဖို့ပဲ မဟုတ်လား”
”ကို ပြောတာလည်း ဟုတ်တာပါပဲလေ၊ ကဲ…ကဲ…ကိုရေ၊ ခဏနေ ရေမိုးချိုး၊ ဟိုမှာ သားကြီးလည်း အိမ်ရှင်းပြီးရင် ရေချိုးလိမ့် မယ်၊ ပြီးရင် ညနေစာ စားကြစို့”

”ကဲ…သားအဖ နှစ်ယောက်ရေမိုးချိုး အဝတ်အစားလဲ၊ ပြီးရင် ထမင်းစားကြစို့နော်၊ ဒီမှာအားလုံး အဆင်သင့်ပဲ”
ထမင်းဝိုင်း အဆင်သင့်ဖြစ်သည်နှင့် သက် က ကိုနဲ့ဝေယံကို လှမ်းပြောသည်။
”လာပြီ သက်ရေ…လာပြီ၊ သားကြီး ဝေယံရော လာ…လာ…”

သင်တန်းတက်ပြီး နောက်ပိုင်း မိသားစု ထမင်းဝိုင်း ဆိုတာ ဝေယံ့ အတွက် ပိုပြီး အဓိပ္ပာယ် ရှိလာသည်။ မေသက် ချက်သော ထမင်းကို အရသာရှိရှိ စားရ သလို ဖေကြီးနှင့် အတူ မိသားစု အရေးများ ဆွေးနွေး ခွင့်ရသည်။ အတွေ့အကြုံ နှင့် ခံစားချက်များ ဖလှယ်နိုင်သော အခိုက် အတန့်ဖြစ်သည်။
”ဖေကြီး”
”ဘာလဲ သား”
”သားလေ…အခု မုန့်ဖိုးတွေစုနေ တယ်”
”ဟုတ်လား… ဘာဖြစ်လို့လဲ ဘာဝယ် ချင်လို့လဲသားရဲ့”
”သားအတွက် မဟုတ်ပါဘူး၊ ဟိုတစ်ပတ်က ရောက်ခဲ့တဲ့ မိဘမဲ့ဂေဟာက ကလေးလေးတွေ အတွက်ပါ”

သားစကားကြားရတော့ သက်ရဲ့ရင်ထဲ နာကျင် သွားသည်။ ကိုလည်း ဒီအတိုင်း ခံစားရ သည်။ သားရဲ့စကားက သူတို့အတွက် ဝမ်းသာ ဝမ်းနည်း ခံစားမှုနှစ်ခုကို တစ်ပြိုင်နက်တည်း ရစေသည်။ သား၏ စာနာတတ်မှုအတွက် ဝမ်းသာရပြီး မိဘမဲ့ကလေး များအတွက် ဝမ်းနည်းရသည်။ သူတို့တောင် မစဉ်းစားမိသော အချက် ကို သား က ပြောလာခြင်း ဖြစ်သည်။

”သားက ဘယ်လိုစဉ်းစားထားလို့လဲ”

”သားစုထားတဲ့ မုန့်ဖိုးကို နောက်တစ်ခါ သွားရင် သူတို့အတွက် စားစရာဖြစ်ဖြစ်၊ ဒါမှ မဟုတ် ဖိနပ်လေးတွေဖြစ်ဖြစ် ဝယ်သွားချင်တယ်၊ ဟို… အဝတ်အစား အဟောင်းတွေ လည်း ယူသွားမှာလေ မေသက်ရဲ့”

ရင်ထဲမှ စေတနာအပြည့်အဝဖြင့် တက်ကြွ စွာပြောနေသော သားဖြစ်သူဝေယံ ၏ စကား များက မိဘနှစ်ပါးစလုံး ၏ နှလုံးသားကို လှုပ် ခတ်စေခဲ့သည်။
”ဒါများ သားရယ်၊ ဖေကြီး ကိုပြောရောပေါ့၊ ဖေကြီးက သီးသန့် စီစဉ်ပေးမှာပေါ့၊ သားရဲ့ မုန့်ဖိုးကို စုနေတော့ သားသုံးစရာ နည်းမသွား ဘူးလား”
”ရပါတယ်၊ သားအတွက် က ကိစ္စမရှိပါဘူး၊ သူတို့ကို သနားလို့ပါ၊ ပြီးတော့ ကုသိုလ်လည်း ပိုရမယ် ထင်လို့ပါ”
”ကောင်းပါတယ် သားရယ်၊ ဟုတ်တာပေါ့၊ ဖေကြီးကလည်း ထပ်ဖြည့်ပေးမယ်လေ၊ ဒါဆိုရင် သား လှူချင်တာ ပြည့်ပြည့်ဝဝ လှူနိုင်တာပေါ့”
”ဟာ… ဒါဆိုရင်တော့ ကောင်းတာ ပေါ့”
”ဟုတ်ပါပြီ..ကဲ..ကဲ.. ထမင်းလည်း စားကြဦး၊ ဟင်းတွေ အေးကုန်တော့မယ်၊ သြော်…သားရေ အောင်စာရင်း နောက် အပတ်ထွက်မယ်တဲ့”
”သားလည်း ထင်သားပဲ နောက်တစ်ပတ် လောက်ဆိုရင် ထွက်တော့မှာလို့”
”အောင်စာရင်းထွက်ရင် သားကို ဖေကြီး က ဖုန်း ဝယ်ပေးမယ်နော်၊ ဘယ်လိုဖုန်း လိုချင် လဲ”
”ဟုတ် ဖေကြီး၊ ဒါပေမဲ့ ဈေးများတာ မဝယ်ပါနဲ့ သုံးလို့ဖြစ်ရင် ပြီးပါပြီ၊ အဲဒီ ကပိုတဲ့ ပိုက်ဆံကို ကလေးလေးတွေ အတွက် လှူတဲ့ အထဲမှာ ထည့်သုံးချင်တယ် ဖေကြီး”

သက်နှင့်ကိုတို့ ဘာပြောရမှန်းကို မသိ တော့ပါ။ သူတို့ ထင်ထားတာထက် ပိုမိုပြီး တွေး တတ်နေသော သူတို့ရဲ့သား။ သူတို့ တက်စေခဲ့ သောသင်တန်းက ရသွားတဲ့ အသိတွေ က သား ကိုရင့်ကျက်အောင် ပြုလုပ်ပေးခဲ့တယ် ဆိုတာ မငြင်းနိုင်တော့ပါ။

 ”ကဲ… သားကြိုက်သလို၊ သားဖြစ်စေချင် သလို ဖေကြီးလုပ်ပေးမယ် ဟုတ်လား”

”ဟုတ်ကဲ့”

မိသားစု ထမင်းဝိုင်းလေးက ခါတိုင်းထက် ပိုပြီး အရသာ ရှိနေသည်။ ထမင်းဟင်းတို့၏ အရသာတွင် ကြည်နူးမှုနှင့် စေတနာ တို့၏ အရသာကို ပေါင်းထည့် လိုက်သ လို ဖြစ်သွား သည်။

ဒီနေ့ ဝေယံတို့ရဲ့ ဆယ်တန်း အောင်စာရင်း ထွက်ပါပြီ။ လမ်းထိပ်ကို ရောက် ကတည်းက မပြေးရုံတမယ် အိမ်ကိုပြန်လာခဲ့သည်။ အောင် စာရင်းအဖြေ ကို မေသက်နှင့်ဖေကြီး တို့ကို အဝေးကြီးက လှမ်းအော်ပြောချင်နေသည်။ ဖုန်းကလည်းမရှိ ဖုန်းမဆက်နိုင်ပါ။ အိမ်ရှေ့ အရောက် အိမ်ပေါ် ကို ဝုန်းဒိုင်း ကြဲပြေး ဝင်ပြီး နောက်
”မေသက်ရေ… မေသက်”
” ဟော..သားပြန်လာပြီ၊ ကဲ…ပြောပါ ဦး၊ ဂုဏ်ထူးဘယ်နှခုလဲဆိုတာ”
”ငါးခုပါတယ် မေသက်ရဲ့ ငါးခု၊ ဖေကြီး ရော”
”ဟယ်… ငါ့သားလေးက တော်လိုက်တာ ဟယ်၊ ဟိုမှာဖေကြီးက အိပ်ခန်းထဲမှာ သတင်း စာဖတ်နေတယ်၊ ဟော…ပြောရင်းဆိုရင်း ထွက်လာပြီ’
”ကဲ…ဖေကြီးလည်း ကြားပြီးပါပြီဗျာ၊ သားအတွက်ဆုချဖို့သာ ပြင်ရတော့မှာပေါ့”
သားအမိ သားအဖ သုံးယောက်စလုံး ပျော်ရွှင်မှုတွေအပြည့်ဖြင့်။
”ကဲ…သက်ရေ၊ သားရဲ့အဘိုး အဘွား တွေဆီ ဖုန်းဆက်ပြီး ပြောပါဦးကွ၊ ညနေကျရင် လည်း အဲဒီဘက်ကိုသွားရအောင်လေ”
”ဟုတ်သားပဲ ဝမ်းသာလုံး ဆို့ပြီး အဲဒါကို မေ့သွားတယ်”
”ဖေကြီး…ဒီမှာ ထိုင်ပါဦး။ သား ဆယ် တန်းအောင်စာရင်း ထွက်တဲ့နေ့ကျရင် ဆွေးနွေး ကြမယ်ဆိုတဲ့ ကိစ္စရှိတယ်လေ”
”အေးပါ…အေးပါ မေသက် ဖုန်းဆက်ပါ စေဦးပြီးရင် ပြောကြတာပေါ့”

ဝမ်းသာသော အသံနဲ့ သက် သူ့ဖေဖေ နဲ့ မေမေဆီ ဖုန်းဆက်သည်။ သားသမီးတွေနဲ့ ပတ်သက်ပြီး မိဘတွေ ဂုဏ်ယူရသော ကိစ္စဆို တာ ဒီလို မျိုးဖြစ်ကြောင်း ဝေယံ သဘောပေါက် သွားပါသည်။ သူလည်း ဝမ်းသာရ၊ မိဘတွေ လည်း ဂုဏ်ယူရသည်။

  ”ကဲ…ပြောပါဦး၊ သားက ဘာပြောချင် တာလဲ”
”ဟိုလေ သားက ဆရာဝန်လုပ်ဖို့ ဝါသနာ မပါဘူးလေ။ အဲဒါ စီပွားရေးနဲ့စီမံခန့်ခွဲမှု ပညာ သင်ချင်တာ၊ သားကို ရွေးချယ်ခွင့်ပေးမယ် မဟုတ်လား”
”အင်း…”
ဖေကြီးက စကားမဆက်ဘဲ မေသက်ကို လှမ်းကြည့်သည်။ မေသက်ကလည်း ဖေကြီးကို ပြန်ကြည့်နေသည်။
”အင်းလေ… ဆုံးဖြတ်ချက်ချဖို့ အချိန် စောသေးတယ် မဟုတ်လား၊ စဉ်းစားကြသေး တာပေါ့”

နောက်ဆုံး ဖေကြီးက ပညာသားပါပါ စကားဖြတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဝေယံ ကတော့ သူ့မိဘနှစ်ပါး လက်ခံလာသည် အထိ ကြိုးစားမည်ဟု ဆုံးဖြတ်ပြီး ဖြစ်နေ သည်။

”ငါ့မြေးကြီးက တော်တယ်ဟေ့”
အဘိုးတို့ အဘွား တို့လည်း ဝေယံ့အတွက် ဝမ်းသာ ဂုဏ်ယူမှုတွေအပြည့်ဖြင့်။
”ကဲ…၅ ဘာသာ ဂုဏ်ထူး ဆိုမှတော့ အမှတ်လည်း ကောင်းမှာ သေချာတယ်၊ ဆေး တက္ကသိုလ် ဝင်မယ် မဟုတ်လား”
ဘိုးဘိုးက သက်နှင့် ကိုတို့ရဲဆန္ဒကို သိပြီး သားမို့ ထင်ပါသည်။ သူတို့မျှော်လင့်သော စကားကို ပြောလေသည်။ ဒါပေမဲ့…
”ဖေဖေရေ… ဖေဖေ့မြေးက ဆရာဝန် မလုပ်ချင်ဘူးတဲ့”
”ဟုတ်လား… ငါ့မြေးက၊ ဒါဆိုရင် ဘာလုပ်မှာလဲ၊ ဘာရည်ရွယ်ချက်ရှိလို့လဲ”
”သားက ဆရာဝန် လုပ်ဖို့ ဝါသနာမပါဘူး အဘိုးရဲ့၊ သားက စီပွားရေး နဲ့ စီမံခန့်ခွဲမှု ပညာ သင်ချင်တာ”
”အင်း… ဒါလည်း မဆိုးပါဘူး”

”အခု… သားတို့တိုင်းပြည့်ရဲ့ အနေ အထားအရ ဒီပညာက ပိုပြီး လိုအပ်မယ် ထင်လို့ ပါ၊ စီပွားရေး အခြေအနေကို တစ်ဟုန်ထိုး တိုးတက်အောင် လုပ်ရမယ့် အချိန်ရောက် ပြီလေ အဘိုးရဲ့”

 ”မြေးကတော့လေ… တိုင်းပြည်နဲ့ကို ချီပြီး ပြောနေပြီပဲ၊ ငါ့မြေး တွေးတာလည်း မှန် တာပဲလေ”

အဘိုးဖြစ်သူက ထောက်ခံပြောနေပြီဆို တော့ ဖေကြီးနဲ့မေသက်တို့ အထူးအထွေငြင်း ချက် မထုတ်တော့ပါ။

”သား အတွက် စိတ်ချပါ၊ ဘိုးဘိုးဘွားဘွားနဲ့ ဖေကြီးတို့ မေသက်တို့ အားလုံးရှေ့မှာ သားပြော တာပါ။ သားသင်ချင်တဲ့ ပညာကို သင်ခွင့်ရရင် သားအတွက်ရော၊ မိသားစု အတွက်ရော တိုင်း ပြည်အတွက်ပါ သားလုပ်ပေးနိုင်မှာမို့ပါ”

သက်ရောကိုပါ မျှော်လင့်မထားသော စကားကို ဝေယံပြောလိုက်ခြင်း ဖြစ်ပါသည်။ သူတို့နှစ်ယောက်လုံး ရဲ့ စိတ်ထဲမှာတော့ ”ငါတို့ ရဲ့သား အရွယ်ရောက် လာလိုက်တာ၊ ဒီလို တောင် တွေးနိုင်ပြီပဲ’  ဟု ဂုဏ်ယူစွာ ပြောလိုက် သည်။

မိသားစုက ဂုဏ်ယူရမယ့် သားတစ် ယောက်၊ တိုင်းပြည်ရဲ့ကြယ်ပွင့်တစ်ပွင့် အဖြစ် မကြာခင် မြင်ရတော့မှာ ဖြစ်ပါသည်။

ဒေါက်တာနေဝင်း

Both comments and pings are currently closed.